ရှေ့သို့
Image

ဟာလန်းလို ဂိုးမုဆိုးတစ်ယောက် ရှိနေပြီဖြစ်တာကြောင့် မန်စီးတီး ချန်ပီယံလိဂ်ဖလား ရဖို့သင့်နေပြီလို့ ဆိုလိုက်တဲ့ အီဗရာ

11:04 AM, 25 September

မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ အို့ထရက်ဖို့ဒ်မြေမှာ ထိပ်တန်းခြေစွမ်းပိုင်းကို ပြသကာ အောင်မြင်မှုများစွာ ရယူထားနိုင်ခဲ့တဲ့ ယူနိုက်တက် ပရိတ်သတ်တွေရဲ့ အချစ်တော်ကစားသမားတစ်ဦးဖြစ်တဲ့ ပက်ထရစ်အီဗရာက ပရီးမီးယားလိဂ်ဖလားကို နှစ်စဉ် ရယူနေနိုင်ပြီ ဖြစ်သလို ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ ချန်ပီယံ ဖြစ်နိုင်ဖို့ အဓိကရည်မှန်းနေတဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းအနေဖြင့် ဂိုးပေါက်ရှေ့ ရောက်ရှိလာတိုင်း သရဲသဘက်တစ်ကောင်လို ကြောက်မက်ဖွယ် ဂိုးသွင်းစွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ နော်ဝေတိုက်စစ်ကစားသမား အာလင်ဟာလန်း ရှိနေပြီ ဖြစ်တာကြောင့် ၂၀၂၂ - ၂၃ ဘောလုံးရာသီအတွက် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်သင့်ပြီ ဖြစ်တဲ့ အကြောင်းကို ထောက်ပြ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို ၂ကြိမ်တိုင် ရောက်ရှိခဲ့ဖူးပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကို အကြိမ်အရေအတွက် အများဆုံး ဗိုလ်စွဲ ရယူထားနိုင်ခဲ့တဲ့ စပိန် ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပြည်တွင်း ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီးအသင်းတို့ကို အရေးနိမ်ခဲ့ကာ ပထမဆုံးအကြိမ် ချန်ပီယံ ဖြစ်နိုင်မယ့် အခွင့်အရေးကနေ လွဲချော်ခဲ့ရတာပဲ ဖြစ်ပါတယ်။

မန်စီးတီးအသင်းက ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့ပေမယ့် လိုအပ်နေတဲ့ တိုက်စစ်ပိုင်းကို ဖြည့်တင်းမှုပြုလုပ်ဖို့ရန်အတွက် ဒေါ့မွန်အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါနဲ့ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲတွေ အတွင်းမှာပါ ခြေစွမ်းပြ သွင်းဂိုးတွေ သွင်းယူနေတဲ့ ဟာလန်းကို ပေါင်သန်း ၅၀ ပေးချေဝယ်ယူထားခဲ့တာလည်း ဖြစ်ပါတယ်။

ဟာလန်းရဲ့ သက်ရောက်မှုနဲ့ ပက်သက်လို့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ၂၀၀၇-၂၀၀၈ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲထားနိုင်ခဲ့တဲ့ အီဗရာက 

“ဟာလန်းက တကယ့်ကို ကြောက်မက်ဖွယ် သရဲသဘက်တစ်ကောင်အတိုင်းပါပဲ။ သူက သွင်းဂိုးတွေ ဘယ်လို ရယူရမလဲဆိုတာ ကောင်းကောင်းသိပါတယ်။ ပြိုင်ဘက်ဂိုးပေါက်ရှေ့မှာ ဂိုးသွင်းဖို့ အမြဲချောင်းနေတာက ကြောင်ဖားတစ်ကောင်နဲ့တောင် တူနေပါသေး တယ်”

“ပက်ဂွာဒီယိုလာက ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းကို အထောင်တိုက်စစ် ကစားသမား မပါဘဲ ကစားသွားခဲ့ရတာပါ။ ဒီနှစ်မှာတော့ ဟာလန်းလို ဂိုးသွင်းမုဆိုးတစ်ယောက် ရှိနေပြီ ဖြစ်တာကြောင့် မန်စီးတီးအသင်းအနေဖြင့် ချန်ပီယံလိဂ် ဆုဖလားကို ကိုင်မြှောက်နိုင်သင့်နေပါပြီ” လို့ 

ထောက်ပြ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။ 

#မန်စီးတီး #အီဗရာ #ဟာလန်း #ချန်ပီယံလိဂ်