ဟန်ဂေရီကို ရှုံးနိမ့်မှုက ကမ္ဘာ့ဖလားအတွက် ဂျာမနီကို အချိန်မီလှုပ်နိုးမှုလို့ ပြောဆိုလိုက်တဲ့ ဖလစ်ခ်
4:31 PM, 24 September
ဒီနေ့မနက်ပိုင်းယှဉ်ပြိုင်ခဲ့တဲ့ အိမ်ကွင်းနေးရှင်းလိဂ်ပွဲစဉ်မှာ ဟန်ဂေရီကို တစ်ဂိုးဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့မှုက နိုဝင်ဘာလ၊ကာတာနိုင်ငံမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဂျာမနီကို အချိန်မီလှုပ်နိုးမှုတစ်ခု ဖြစ်စေတယ်လို့ ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ဟန်ဆီဖလစ်ခ်က ပြောဆိုလိုက်ပါတယ်။
ဟန်ဂေရီကို ရှုံးနိမ့်ခဲ့မှုက ဂျာမနီအသင်းအနေနဲ့ အခုရာသီနေးရှင်းလိဂ်နောက်ဆုံးအဆင့်ပြိုင်ပွဲတွေဆီ ရောက်ရှိဖို့ မဖြစ်နိုင်တော့ဘဲ အုပ်စုမှာပဲ ကျန်ရစ်စေမှာဖြစ်ပါတယ်။ တဖက်မှာလည်း အီတလီကို ရှုံးနိမ့်ခဲ့တဲ့ အင်္ဂလန်က နေးရှင်းလိဂ်(A)မှ လိဂ်(B)ကို တန်းဆင်းခဲ့ရပါတယ်။
"အသင်းအတွက် လှုပ်နိုးမှုတစ်ခုကို ရရှိလိုက်တာပါ။ ဒီနေ့ရှုံးပွဲက စိတ်ပျက်စရာကောင်းပါတယ်။ အခုလက်ရှိအချိန်မှာ နေးရှင်းလိဂ်အုပ်စုပထမနေရာကိုလည်း မရနိုင်တော့ပါဘူး။ ဒါမျိုးတွေ ကမ္ဘာ့ဖလားမှာဖြစ်လာမှာထက် အခုဖြစ်သွားတာက ပိုကောင်းပါတယ်။ ဒီအရာက လာမယ့်တနင်္လာနေ့၊ အင်္ဂလန်နဲ့ပွဲစဉ်မှာ ကစားသမားတိုင်းအတွက် စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုတစ်ခုဖြစ်စေပြီး ကျွန်တော်တို့လိုအပ်နေတဲ့အရာကို လာမယ့်ခြောက်ပတ်လောက် ကာလအတွင်းမှာ ထပ်ပေါင်းထည့်သွားဖို့ အလုပ်တွေလည်း ရှိလာခဲ့ပါပြီ။ ဒီရှုံးပွဲက ကျွန်တော်တို့ကို မျက်စိပွင့်၊နားပွင့် ဖြစ်စေခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်တွေကတော့ တော်တော်ဆိုးရွားလွန်းပါတယ်။ ကျွန်တော်တို့အသင်းမှာ တက်ကြွမှုနဲ့ ယုံကြည်မှုတွေ ပျောက်ဆုံးနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကောင်းမွန်လာခဲ့ပေမယ့် သွင်းဂိုးတွေရရှိနိုင်မယ့် အခွင့်အရေးတော့ အရမ်းကို နည်းပါးခဲ့ပါတယ်"လို့ ဟန်ဆီဖလစ်ခ်က ပြောဆိုခဲ့တာပါ။
ဟန်ဂေရီနဲ့ပွဲစဉ်၊ ပထမပိုင်းပွဲချိန်အတွင်း ဂျာမနီအသင်းက ဂိုးပေါက်တည့်ကန်ချက်တစ်ကြိမ်သာ ရရှိတဲ့အထိ ခြေစွမ်းပိုင်းဆိုးရွားခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အများစုမှာတော့ ဂျာမနီက သွင်းဂိုးတွေရရှိနိုင်ရေးအခွင့်အရေးတွေဖန်တီးနိုင်ဖို့ အပြင်းအထန်ကြိုးစားခဲ့ပါတယ်။
ဂျာမနီက လာမယ့်တနင်္လာနေ့၊ ဝင်ဘလေကွင်းကြီးမှာ နေးရှင်းလိဂ်(A)မှ တန်းဆင်းသွားပြီဖြစ်တဲ့ အင်္ဂလန်အသင်းကို ရင်ဆိုင်ကစားရဖို့ ရှိပါတယ်။