လူမျိုးရေးခွဲခြားခံရတဲ့ ဗင်နီစီးရပ်စ်ကို အားပေးခဲ့တဲ့ ယူနိုက်တက်ကြယ်ပွင့် အန်တိုနီ
10:35 AM, 22 September
မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား အန်တိုနီက စပိန်မှာလူမျိုးရေး ခွဲခြားခံခဲ့ရတဲ့ ဘရာဇီးအသင်းဖော် ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဗင်နီစီးရပ်စ်ဂျူနီယာကို အားပေးခဲ့ပါတယ်။
ဗင်နီစီးရပ်စ်ဟာ ပြီးခဲ့တဲ့တစ်ပတ်တုန်းက ရုပ်သံတင်ဆက်သူတစ်ဦးက ဘရာဇီးသားရဲ့ အောင်ပွဲခံတဲ့ ပုံစံကို လူမျိုးရေးခွဲခြားတဲ့ အသုံးနှုန်းတွေနဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာပဲ ဖြစ်ပါတယ်။ ခွဲခြားမှုတွေက ဒီလောက်နဲ့ မရပ်တန့်သွားပဲ အက်သလက်တီကိုပရိသတ်တွေကပါ တနင်္ဂနွေနေ့တုန်းက မက်ဒရစ်ဒါဘီမှာ လူမျိုးရေးခွဲခြားတဲ့ သီချင်းတွေဆိုခဲ့သလို ရီးရဲလ်က ၂-၁ နဲ့ အနိုင်ရရှိသွားချိန်မှာလည်း ခွက်တွေ ပစ္စည်းတွေနဲ့ ရီးရဲလ်ကစားသမားတွေကို ပစ်ပေါက်ခဲ့ကြပါတယ်။ လာလီဂါကတော့ အခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးသွားမယ်လို့ ထုတ်ပြန်ထားပြီး ဗီနီစီးရပ်စ်ရဲ့ နိုင်ငံနဲ့ ကလပ်အသင်းဖော်တွေက ၂၂ နှစ်အရွယ်ကစားသမားဘက်ကနေ အားပေးထောက်ခံခဲ့ကြပါတယ်။
လက်ရှိဘရာဇီးအသင်းကို ရောက်ရှိနေတဲ့ ယူနိုက်တက်ကြယ်ပွင့် အန်တိုနီကလည်း နိုင်ငံအသင်းဖော်အတွက် “ငါသဘောမတွေ့တာတွေတော့ အများကြီးပဲ။ ဒါပေမယ့် ဒီပျော်ရွှင်မှုကတော့ အဆုံးရှုံးခံလို့မရဘူး၊ ဒါက ငါတို့(ဘရာဇီးသားတွေ)ရဲ့ အဓိကပြယုဂ်ပဲ။ ငါတို့ချည့်ပဲတော့ မဟုတ်ဘူး၊ ဘရာဇီးကစားသမားတိုင်း ဂိုးသွင်းပြီးရင် ကကြတယ်။ ဒါမှမဟုတ် ကိုယ်ကျွမ်းကျင်တာတွေကို လုပ်ကြတယ်။ ဥရောပက ကစားသမားတွေလည်း ဒါမျိုးအောင်ပွဲခံကြတာပါပဲ။ ငါနားမလည်က အဲ့ဒီခွဲခြားတဲ့ အကြည့်တွေက ဘာလို့ဘရာဇီးကစားသမားတွေဆီပဲ ရောက်နေရတာလဲ။ နေမာပဲဖြစ်ဖြစ်ဗင်နီစီးရပ်စ်ဂျူနီယာပဲဖြစ်ဖြစ် ကတာနဲ့ အပြစ်ဖြစ်နေကြတယ်။ အဲ့ဒါကိုပဲ နားမလည်တာ၊ ဒါမျိုး ဘရာဇီးသားတွေပဲ လုပ်နေတာမှ မဟုတ်တာ၊ ဥရောပသားတွေလည်း လုပ်ကြတာပါပဲ ကျွန်တော်တို့သိတာကတော့ ပျော်ရွှင်မှုကို လုံးဝအဆုံးရှုံးမခံပါဘူး၊ ဒါက ကျွန်တော်တို့ရဲ့ ပြယုဂ်ပါ၊ ပြိုင်ဘက်တွေကိုလည်း လေးစားတယ်၊ ဘယ်သူ့ကိုမဆို လေးစားမှုရှိပြီးသားပါ။ ဒါပေမယ့် ကျွန်တော်တို့ ဗီဇမှာပါလာပြီးသား အရာတစ်ခုကိုတော့ အဆုံးရှုံးမခံပါဘူး။ ကျွန်တော်ဆိုလည်း ကိုယ့်ပုံစံနဲ့ကိုပဲ နေပါတယ်၊ လူတွေပြောကြတာနဲ့ ပြောင်းလဲပစ်ဖို့ မလိုပါဘူး။ ဒီတော့ ဒီဗီဇ၊ ဒီပျော်ရွှင်မှုကို ကျွန်တော်တို့ ဆက်ထိန်းသွားမှာပါ။ ဗီနီအခု ဒါကိုရင်ဆိုင်နေရတယ်၊ နေမာလည်း အရင်က ရင်ဆိုင်ခဲ့ရတယ်၊ အာ့ကြောင့် ကျွန်တော်လည်း ပြင်ဆင်ထားတယ်”ဆိုပြီးပြောခဲ့ပါတယ်။
အန်တိုနီနဲ့ ဗင်နီစီးရပ်စ်တို့ဟာ ဂါနာ၊ တူနီးရှားတို့နဲ့ ကစားရမယ့် ခြေစမ်းပွဲစဉ်တွေအတွက် ဘရာဇီးအသင်းနဲ့အတူ ပြင်ဆင်လျက်ရှိပါတယ်။ ဒီခြေစမ်းပွဲ ၂ ပွဲက နိုဝင်ဘာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားမတိုင်မီ ဘရာဇီးအသင်းရဲ့နောက်ဆုံး ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။