ရှေ့သို့
Image

PSV ကြယ်ပွင့် ကိုဒီဂက်ပိုကို ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းနေတဲ့ ယူနိုက်တက်

1:14 PM, 21 September

မန်ချက်စတာ ယူနိုက်တက်ဟာ ပီအက်စ်ဗွီကြယ်ပွင့် ကိုဒီဂက်ပိုကို ခေါ်ယူနိုင်ဖို့ ပိုပြီး အခြေအနေ ကောင်းလာခဲ့တယ်လို့ သိရပါတယ်။ ၂၃ နှစ်အရွယ်ရှိ ဂက်ပိုဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ နည်းပြ အဲရစ်တန်ဟတ်ရဲ့ ပစ်မှတ် ကစားသမား တစ်ဦးဖြစ်ခဲ့ပြီး အန်တိုနီရဲ့ အရန် ပစ်မှတ် အဖြစ် ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပါတယ်။


ဒါပေမယ့် ဘရာဇီးသားကို ခေါ်ယူဖို့သဘောတူညီမှု ရရှိခဲ့တာကြောင့် တစ်ချိန်တည်းမှာ နှစ်ယောက်စလုံးကို ခေါ်ယူဖို့က ခက်ခဲနိုင်တာကြောင့် ဂက်ပိုကိုမခေါ်ယူဖြစ်ခဲ့ပါဘူး။ နွေရာသီမှာ အပြောင်းအရွှေ့ မဖြစ်ခဲ့တာကြောင့် ဂက်ပိုကလည်း နယ်သာလန်မှာပဲ ဆက်နေခဲ့ပြီး ဒီရာသီမှာ အကောင်းဆုံး ခြေစွမ်းပြသလျက်ရှိပါတယ်။ နယ်သာလန် လက်ရွေးစင်ဟာ ပီအက်စ်ဗွီအတွက် ဥရောပပွဲစဉ်တွေ အပါအဝင် ပြိုင်ပွဲစုံ ၁၃ ပွဲကစားပြီးချိန်မှာ သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ကြိမ်ထိ ရရှိထားပြီ ဖြစ်ပါတယ်။


ဆက်လက်ခြေစွမ်းပြနေတဲ့ ဂက်ပိုကိုတော့ ပရီးမီးယားလိဂ်ကလပ်တွေအပြင် ဥရောပထိပ်တန်းအသင်း အတော်များများကလည်း စိတ်ဝင်စားလာပြီး ကမ်းလှမ်းဖို့ ပြင်ဆင်လာကြပါတယ်။  ဂက်ပိုရဲ့အပြောင်းအရွှေ့နဲ့ ပက်သက်လို့ ပီအက်စ်ဗွီ ဒါရိုက်တာ မာဆယ်ဘရန့်ဒ်က သတ်မှတ် တန်ကြေးရရင် ထွက်ခွာခွင့် ပေးသွားမယ့် အကြောင်း အရိပ်အမြွတ် ပြောသွားခဲ့ပါတယ်။


ဘရန့်ဒ်က “ ရင်ဘတ်ပေါ် လက်တင်ပြီး ကျွန်တော် ပြောနိုင်တာကတော့ ၊ ကိုဒီကို ဘာကမ်းလှမ်းမှုမှ မရှိပါဘူး။ သူ့ရဲ့ ကိုယ်စားလှယ်တွေကိုရော၊ ကျွန်တော်တို့ ဘုတ်အဖွဲ့ဆီမှာပါ ကမ်းလှမ်းမှု မရှိတာပါ။ ကျွန်တော်တို့ကတော့ လုပ်စရာရှိတာ လုပ်နေပါတယ်။ သတ်မှတ်ထားတာတွေနဲ့ ကိုက်ညီတဲ့ ကမ်းလှမ်းမှုမျိုး ရှိရင်တော့ ရောင်းမှာပါ။ 


ဘဏ္ဍာရေး အခြေအနေကြောင့် လုံးဝမဟုတ်ပါဘူး ဒါပေမယ့် ဂက်ပိုနဲ့ သူ့ ကိုယ်စားလှယ်တွေဆီ ကမ်းလှမ်းပြီးမှ ကျွန်တော်တို့ဆီကို ကမ်းလှမ်းဖို့ လိုပါတယ် ” လို့ ပြောခဲ့ပါတယ်။ အာဆင်နယ်၊ လိဒ်စ်ယူနိုက်တက်နဲ့ ဆောက်သမ်တန်တို့ကလည်း နယ်သာလန်သားကို ချိတ်ဆက်နေကြပြီး ယူနိုက်တက်ကလည်း ဂက်ပိုကို ခေါ်ယူဖို့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ အရှိန်မြှင့် ကြိုးစားလာဖွယ် ရှိပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #ပီအက်စ်ဗွီ #တန်ဟတ် #ဂတ်ပို #တန်ဟတ် #ပရီးမီးယားလိဂ်