ရှေ့သို့
Image

အိပ်ခန်း ၆ ခန်းနဲ့ အိမ်တွင်းရေကူးကန်ပါဝင်ပြီး ခမ်းနားလှပလွန်းတဲ့ ဒရော့ဘာရဲ့ လန်ဒန်မြို့ရှိ အိမ်ကြီး

3:05 PM, 20 September

ချဲလ်ဆီးဂန္တဝင်ကစားသမား ဒီဒီယာဒရော့ဘာကတော့ လန်ဒန်မြို့မှာရှိတဲ့ သူရဲ့ခမ်းနားလှပလွန်းတဲ့ အိမ်ကြီးကို ရောင်းချဖို့ ပြင်ဆင်လာပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအမာခံပရိသတ်တစ်ဦးဦးအနေနဲ့ သူတို့ရဲ့ဂန္တဝင်တိုက်စစ်မှူးကြီးရဲ့ အမှတ်တရတွေကို အပိုင်သိမ်းထားဖို့ ဆန္ဒရှိနေရင်တော့ ပေါင် ၆.၂၅ သန်းလောက် သုံးစွဲဖို့ လိုအပ်ပါလိမ့်မယ်။

ခြံရှေ့မှာ အကာအကွယ်အဖြစ် လျှပ်စစ်လွှတ်ထားတဲ့ ဂိတ်တံခါးတွေရှိတဲ့ ဒရော့ဘာရဲ့အိမ်ကြီးမှာ အိပ်ခန်းကျယ်ကြီး ၆ ခန်းနဲ့  အသက်ရှုမှားလောက်စရာ လှပတဲ့ ရေချိုးခန်း ၇ ခုလည်း ပါဝင်ပါတယ်။

အိမ်ကြီးရဲ့ အလယ်တည့်တည့်မှာ လှပတဲ့ကြောင်လိမ်လှေကားတစ်ခုကို တည့်သွင်းတည်ဆောက်ထားပြီး ကြောင်လိမ်လှေကားမှ ဆင်းလာခဲ့ရင် ရွေးချယ်စရာနားနေခန်း ၅ ခုကို တွေ့ရမှာဖြစ်သလို ကျောက်တွေ၊ သစ်သားတွေနဲ့တန်ဆာဆင်ထားတဲ့ အရမ်းကိုလှပနေတဲ့ မီးဖိုချောင်ကိုလည်း မြင်တွေ့ရမှာပါ။ ဒါတွေအပြင် စတုရန်းပေ ၁၁၀၀၀ ကျယ်ဝန်းတဲ့ ခြံကြီးထဲမှာ လှပခံ့ညားတဲ့ အိမ်ကြီးကို တည်ဆောက်ထားတာဖြစ်ပါတယ်။
ဒီအိမ်ကြီးထဲမှာ Jacuzzi တစ်ခု၊ ချွေးထုတ်ခန်းတစ်ခုနဲ့ ကြီးမားတဲ့ အိမ်တွင်းရေကူးကန်တစ်ခုလည်း ပါရှိပါတယ်။

ဒရော့ဘာရဲ့အိမ်ကြီးအတွက် အရောင်းအဝယ်ကိုယ်စားလှယ်ဖြစ်တဲ့ Fine & Country ရဲ့တာဝန်ရှိသူက “မြေညီထပ်မှာဆိုရင် ရွေးချယ်စရာနားနေခန်း ၅ ခုက အိမ်အဝင်၀ ခန်းမကျယ်ကြီးကို ဝန်းရံထားသလို အထပ်တွေအားလုံးနဲ့ ချိတ်ဆက်ထားတဲ့ ကြောင်လိမ်လှေကားကြီးကိုလည်း တွေ့မြင်ရမှာပါ။ ရှေ့တည့်တည့်မှာဆိုရင် ဘက်စုံသုံးဧည့်ခန်းရှိပြီး အနောက်ဖက်မှာဆိုရင် ပန်းချီဆွဲခန်း၊ မိသားစုခန်း၊ ကြီးမားတဲ့မီးဖိုချောင်နဲ့ စားသောက်ခန်းရှိမှာဖြစ်ပါတယ်။ လုံခြုံရေးအတွက် လျှပ်စစ်ဂိတ်တွေတပ်ဆင်ထားပြီး တစ်ဧကနီးပါးကျယ်ဝန်းတဲ့ ခြံကြီးထဲမှာ အခုအိမ်ကြီးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ ကျယ်ဝန်းတဲ့ ကားပါကင်တစ်ခုနဲ့အတူ အထပ်နှစ်ထပ်ပါဝင်တဲ့ ကားဂိုဒေါင်ကြီးထဲမှာ အိပ်ခန်းတစ်ခန်းနဲ့ ရေချိုးခန်းတစ်ခန်းလည်း ထည့်သွင်းထားပါတယ်။ နောက်ဖေးမှာတော့ တောင်ဘက်ကိုမျက်နှာမူထားတဲ့ ရှုခင်းကောင်းတဲ့ ပန်းခြံတစ်ခုရှိပြီး အပန်းဖြေဖို့နဲ့ အနားယူဖို့အတွက် အကောင်းဆုံး နေရာတစ်ခုဖြစ်ပါတယ်”လို့ ပြောဆိုပါတယ်။

ဒီလိုလှပခံ့ညားလှတဲ့အိမ်ကြီးဟာ ချဲလ်ဆီးအသင်းရဲ့ ကော့ဘ်ဟမ်းလေ့ကျင့်ရေးကွင်းအနီး စိမ်းစိုတဲ့သစ်တောသစ်ပင်တွေကြားမှာ တည်ရှိနေတာပါ။ ဆိတ်ငြိမ်ရပ်ကွက်အတွင်းမှာ ဆောက်လုပ်ထားတာဖြစ်ပေမယ့် လန်ဒန်မြို့ရဲ့နာမည်ကျော် စာသင်ကျောင်းတွေ၊ နာမည်ကျော် ဟီသရိုးလေဆိပ်တို့နဲ့အနီးဆုံးဒေသမှာ ဒီအိမ်ကြီးကို တည်ဆောက်ထားတာဖြစ်ပါတယ်။

ချဲလ်ဆီးဆီ ၂၀၁၅ ခုနှစ်မှာ ဒုတိယအကြိမ်ပြောင်းရွှေ့လာပြီးနောက် ဒရော့ဘာဟာ ဒီအိမ်ကြီးမှာ ဇနီးဖြစ်သူ လာလာဒီယာကိုက်နဲ့အတူ နေထိုင်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ ဒရော့ဘာတို့ဇနီးမောင်နှံ တရားဝင် ကွာရှင်းပြတ်စဲခဲ့ပြီး အခုအချိန်မှာတော့ ဒရော့ဘာက ဒီအိမ်ကြီးကို ရောင်းချဖို့ ဆုံးဖြတ်လိုက်တာပါ။
စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့ဂန္တဝင်ကစားသမားကြီးဟာ ချဲလ်ဆီးအတွက် ၃၈၁ ပွဲကစား၊ ၁၆၄ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ၂၀၁၂ ခုနှစ် ချန်ပီယံလိဂ်ဆုဖလားနဲ့ ပရီးမီးယားလိဂ်ဖလားလေးကြိမ်အပါအဝင် အဓိကဆုဖလား ၁၂ လုံးဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့ပါတယ်။

ချဲလ်ဆီးကနေ ဒုတိယအကြိမ်ထွက်ခွာလာပြီးနောက် ဒရော့ဘာဟာ မြောက်အမေရိကကလပ်တွေဖြစ်တဲ့ Montreal Impact နဲ့ Phoenix Rising တို့အတွက် ကစားပေးပြီးနောက် ၂၀၁၈ ခုနှစ်မှာ ကစားသမားဘဝမှ အနားယူခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ ဒရော့ဘာက မီဒီယာလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့နဲ့ အိုင်ဗရီကို့စ်ပြည်သူတွေကို ကူညီဖို့အတွက် သူပိုင်ဆိုင်တဲ့ ဥစ္စာဓနအရင်းအမြစ်တွေကို အသုံးချနေသူဖြစ်ပါတယ်။

#အယ်ဒီတာအကြိုက် #ချဲလ်ဆီး #ဒရော့ဘာ #ပရီးမီးယားလိဂ်