ရှေ့သို့
Image

ဖရွိုင်ကို အသင်းမှာ ဆက်ထိန်းထားမယ်လို့ အတည်ပြု ပြောဆိုလိုက်တဲ့ ဆဲလ်ဘတ်အကြီးအကဲ

10:54 AM, 20 September

ချဲလ်ဆီး အားကစား ဒါရိုက်တာအဖြစ် ဆဲလ်ဘတ်ရဲ့ ခရစ္စတိုဖာဖရွိုင်ကို ခန့်အပ်ဖို့ နီးစပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဆဲလ်ဘတ်cအသင်းအကြီးအကဲက ဖရွိုင်အနေနဲ့ ချဲလ်ဆီးဆီ ဆက်သွယ်မယ်လို့ မမျှော်လင့်ထားတဲ့အကြောင်း ထုတ်ပြောလိုက်ပါတယ်။ Sky Sports Austria နဲ့တွေ့ဆုံချိန် ဖရွိုင်နဲ့ ချဲလ်ဆီးတို့အကြား အပြောင်းအရွှေ့ဖြစ်လာမယ့် အလားအလာနဲ့ ပတ်သက်လို့ ဆဲလ်ဘတ် အကြီးအကဲ စတီဖန်ရီတာက “ကျွန်တော် ဒီသတင်းတွေ အပေါ် အတိအကျ ငြင်းဆန်နိုင်ပါတယ်။ 


ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ချဲလ်ဆီးကရော၊ ဖရွိုင်ကပါ ကျွန်တော့်ဆီ ဒါမှဟုတ် ကလပ်ရဲ့ စီမံအုပ်ချုပ်ရေး အဖွဲ့ဆီ တစုံတရာ တင်ပြ ပြောဆိုလာတာမျိုး မရှိပါဘူး။ လက်ရှိမှာလည်း ဖရွိုင်က ကျွန်တော်တို့နဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်း တစ်ရပ် ချုပ်ဆိုထားပါတယ်။ ဒီလို စာချုပ် ချုပ်ဆိုထားခြင်းက သူ့ကိုပဲဖြစ်ဖြစ်၊ ကစားသမားကိုပဲ ဖြစ်ဖြစ်၊ နည်းပြ(သို့)မန်နေဂျာကိုပဲ ဖြစ်ဖြစ် စည်းနှောင်အားရှိပါတယ်”လို့ ပြောဆိုခဲ့တာပါ။


ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်း အသင်း လူစာရင်းကို အားဖြည့်ဖို့ ပြင်ဆင်ခဲ့တဲ့ ချဲလ်ဆီးဟာ ကစားသမားသစ် ခေါ်ယူဖို့ ရုန်းကန်ခဲ့ရသလို လက်ရှိ အချိန်မှာလည်း အသင်းရဲ့ အားကစား ဒါရိုက်တာသစ် ရှာဖွေခန့်အပ်နိုင်ရေး အတွက်လည်း ဆက်လက် ရုန်းကန်နေရပါတယ်။ ဒီအချိန်မှာပဲ ချဲလ်ဆီးနည်းပြသစ် ဂရေဟမ်ပေါ်တာနဲ့ အတူ လက်တွဲလုပ်ကိုင်ဖို့ အားကစား ဒါရိုက်တာသစ် အဖြစ် ဖရွိုင်ကို ခန့်အပ်နိုင်တော့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့တာပါ။


ဒါပေမယ့်လည်း ရီတာရဲ့ မှတ်ချက်ကြောင့် ဒီလိုအလားအလာတွေ အကုန်လုံး အဆုံးသတ်ခဲ့ပါတယ်။ The Athletic သတင်းဌာနရဲ့အဆိုအရ ချဲလ်ဆီးရဲ့ အားကစား ဒါရိုက်တာသစ် ခန့်အပ်နိုင်ရေး လုပ်ငန်းစဉ်ဟာ ပြီးမြောက်ဖို့ မနီးစပ်သေးဘူးလို့ သိရပါတယ်။ ချဲလ်ဆီးအနေနဲ့ အားကစားဒါရိုက်တာသစ်အဖြစ် ထိပ်ဆုံးမှာ ဖရွိုင်ကို သတ်မှတ်ထားသလို အခြားဖြစ်နိုင်ချေရှိတဲ့ နာမည်စာရင်းကို ပြုစုထားတယ်လို့ သိရပါတယ်။ အနောက်လန်ဒန် ကလပ်အနေနဲ့ လာမယ့်နိုဝင်ဘာလ၊ကာတာနိုင်ငံမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ အားကစား ဒါရိုက်တာသစ် ခန့်အပ်နိုင်ရေး ကြိုးပမ်းသွားမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။


အနာဂတ်နဲ့ ပတ်သက်လို့ ထင်ကြေးတွေ ထွက်ပေါ်နေတဲ့ အပေါ် ဖရွိုင်က “ ချဲလ်ဆီးက အပြောင်းအလဲတွေ အများကြီးဖြစ်နေတဲ့ အသင်းဖြစ်တယ်။ လာမယ့်သီတင်းပတ်တွေ၊ လတွေအတွင်း ဘာတွေဖြစ်လာမယ်ဆိုတာ ကျွန်တော် အတိအကျ မပြောနိုင်ပါဘူး။ ခင်ဗျားအနေနဲ့ ဘောလုံးမှာ ဘယ်အရာကိုမှ ဖယ်ရှားထားလို့ မရသလို ချဲလ်ဆီးကလည်း တကယ့်ကိုကြီးမားတဲ့ ကလပ် အသင်း တစ်ခုပါ။ ဒါပေမယ့် ကျွန်တော်က ဆဲလ်ဘတ်ရဲ့ အားကစား ဒါရိုက်တာ ဖြစ်သလို ဒီအလုပ်မှာ ကျွန်တော် ပျော်ရွှင်နေပါတယ်”လို့ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း Sky Sports Austria နဲ့တွေ့ဆုံချိန် ပြောဆိုခဲ့ပါတယ်။

#ချဲလ်ဆီး #ဆဲလ်ဘတ် #ပရီးမီးယားလိဂ် #ဖာဖရွိုင်