ရှေ့သို့
Image

သူ့ရဲ့ဂိုးက အာဆင်နယ်အသင်း အတွက် ဂိုးတွေအများကြီး သွင်းယူမယ့်အထဲက ပထမဆုံးဂိုးဖြစ်ဖို့ ဗီအဲရာ မျှော်လင့်နေ

9:02 AM, 20 September

အာဆင်နယ်ကွင်းလယ်လူ ဖေဘီယိုဗီအဲရာက ဘရန့်ဖို့ဒ်နဲ့ပွဲက သူ့ရဲ့သွင်းဂိုးဟာ အာဆင်နယ်အတွက် သွင်းဂိုးတွေ အများကြီး သွင်းယူမယ့်ထဲက ပထမဆုံးဂိုးဖြစ်ဖို့ မျှော်လင့်နေပါတယ်။ ပေါ်တိုကနေ ပေါင် ၃၄ သန်းနဲ့ ပြောင်းလာပြီးနောက် ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရပြီး ဘရန့်ဖို့ဒ်နဲ့ပွဲမှာမှ ပွဲဦးထွက်ပါဝင်ကစားခွင့်ရရှိခဲ့ကာ ပွဲဦးထွက်ဂိုးကိုပါ သွင်းယူပေးနိုင်ခဲ့ပါတယ်။

“ကျွန်တော် အရမ်းပျော်ပါတယ်။ မှန်ပါတယ် အသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့တာပါ။ ဒီရာသီမှာ ကျွန်တော်တို့  အစကောင်းခဲ့ပါပြီ။ အဲ့တာကို ဆက်ထိန်းထားနိုင်ဖို့ လိုပါတယ်။ လူတိုင်းက ကစားကြသလို ကွင်းထဲမှာ လူတိုင်းဘာလုပ်နိုင်လဲဆိုတာ သိပါတယ်။ ကျွန်တော်တို့ဒါကို ဆက်ထိန်းထားဖို့ လိုပါတယ်”လို့ ဗီအဲရာက အာဆင်နယ်ဝက်ဘ်ဆိုက်ကိုပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက အဖွင့်ပွဲမှာ ဘရန့်ဖို့ဒ်ကို ၂ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ ကွဲပြားခြားနားလာခဲ့ပြီး စုစုစည်းစည်းနဲ့ ဆာလီဘာ ၊ ဂျီးဆပ်စ် ၊ ဗီအဲရာတို့က သွင်းယူခဲ့ကာ ၃ မှတ်ပြည့်ယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်ဟာ ၁၈ မိနစ်မှာ ဆာလီဘာရဲ့ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဆယ်မိနစ်အကြာမှာ ဂျီးဆပ်စ်က ဇာခါရဲ့ဖန်တီးပေးမှုကနေ ခေါင်းတိုက်ကာ ဒုတိယဂိုးသွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် ဗီအဲရာက ဒုတိယပိုင်းအစမှာ အပြင်းကန်ချက်နဲ့ တတိယဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဘရန့်ဖို့ဒ်ဟာ ယူနိုက်တက်ကို ၄ ဂိုးပြတ် နဲ့ လိဒ်ယူနိုက်ကို ၅ ဂိုးပြတ် အနိုင်ရရှိထားခဲတာဖြစ်ပေမယ့် အာဆင်နယ်ကိုတော့ မယှဉ်နိုင်ခဲ့တာဖြစ်ပါတယ်။

“ခက်ခဲတဲ့ပွဲဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းမလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် တဖက်မှာလည်း သူတို့က တကယ်ကောင်းခဲ့တာပါ။ တခါတလေမှာ ဒါမျိုးတခါတလေမှာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာရက်သတ္တပတ်ပြီးရင်တော့ ကျွန်တော်တို့ ပြန်လာနိုင်အောင် လုပ်ဆောင်ရမှာပါ”လို့ ဘန်မီးလ်က ပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #ဘရန့်ဖို့ဒ် #ဗီအဲရာ #ပရီးမီးယားလိဂ်