ရှေ့သို့
Image

လူငယ်တိုက်စစ်မှူး ဘရိုဂျာရဲ့ ခြေစွမ်းကို သဘောကျနေတဲ့ ချဲလ်ဆီး နည်းပြသစ် ပေါ်တာ

2:36 PM, 18 September

ချဲလ်ဆီး နည်းပြသစ် ဂရေဟမ်ပေါ်တာကြောင့် လူငယ် ကစားသမား ဘရိုဂျာ တစ်ယောက် ပွဲထွက်ခွင့်ရဖို့ နီးစပ်လာပါတယ်။ လူငယ်ကစားသမားလေးဟာ လေ့ကျင့်ခန်း အစီအစဉ်မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေပြီး အူဘာမီယန်းရှိနေပေမယ့် ပေါ်တာက ဘရိုဂျာကို နေရာပေးဖွယ်ရှိနေပါတယ်။


ဘရိုက်တန်ညန်းပြဟောင်းဟာ အူဘာမီယန်းကို ဆဲလ်ဘတ်ဂျ်အသင်းနဲ့ပွဲမှာ ပွဲထုတ်ခဲ့ပေမယ့် ၆၆ မိနစ်မှာ ဘရိုဂျာနဲ့ လူစားလဲခဲ့ပါတယ်။ ပေါ်တာဟာ အပြောင်းအလဲလုပ်ဖို့ မတွန့်ဆုတ်တဲ့သူဖြစ်ပြီး အတွင်းသတင်းတွေအရ ဘရိုဂျာဟာ သူ့နည်းစနစ်မှာ အံဝင်တယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။


အသက် ၂၁ နှစ်သားဟာ ပြီးခဲ့တဲ့နှစ်က ဆောက်သမ်တန်မှာ အငှားထွက်ကစားခဲ့တာဖြစ်ပြီး ၉ ဂိုးသွင်းယူနိုင်ခဲ့ကာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပါတယ်။ ဘရိုဂျာကို နွေရာသီတုန်းက ဝက်စ်ဟမ်းက အလိုရှိခဲ့ပေမယ့် ချဲလ်ဆီးမှာ ဆက်နေခဲ့တာဖြစ်ပါတယ်။ တူချယ်ရဲ့အသင်းမှာတော့ ဒီရာသီ ၆ ကြိမ် ပါဝင် ကစားခွင့်ရရှိခဲ့ပြီး အရန်ခုံကနေ ပါဝင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။


ချဲလ်ဆီးဟာ တိုက်စစ်မှာ အားထားရမယ့်သူမရှိတာကြောင့် ကိုင်ဟာဗက်ဇ်ကို အသုံးပြုနေရပါတယ်။ ဂျာမန်သားဟာ ဒီရာသီ ၁ ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပြီး ပေါ်တာက တိုက်စစ်အစား ကွင်းလယ်မှာသာ ပြောင်းသုံးချင်နေပါတယ်။ အဆိုပါ အချက်က ဘရိုဂျာ အတွက် အခွင့်အရေး ရလာဖွယ် ရှိနေပြီး အခု အပတ်မှာ ကစားမယ့် လီဗာပူးနဲ့ပွဲကတော့ ရွှေ့ဆိုင်းထားရပါတယ်။

#ချဲလ်ဆီး #ဂရေဟမ် ပေါ့တာ #ဘရိုဂျာ #ပရီးမီးယားလိဂ်