ဟာလန်းရဲ့ဂိုးကို ပရိသတ်တွေ တင်မကပဲ အသင်းဖော်ဟောင်း ဘယ်လင်ဂန်ကပါချီးကျူး
2:38 PM, 15 September
အသင်းဟောင်း ဒေါ့မွန်နဲ့ပွဲမှာ သွင်းယူခဲ့တဲ့ အာလင်ဟာဟန်းရဲ့ အနိုင်ဂိုးဟာ မန်စီးတီး ပရိသတ်တွေကိုတင်မကပဲ အသင်းဖော်ဟောင်း ဂျုဒ်ဘယ်လင်ဂန်ကိုပါ အံ့အား သင့်စေခဲ့ပါတယ်။ ပွဲပြီးဖို့ ၆ မိနစ်အလိုလောက်မှ ဟာလန်းရဲ့ အမိုက်စား မြေမကျ ပိတ်သွင်းမှုကနေ ရရှိခဲ့တဲ့ ဂိုးကြောင့်ပဲ မန်စီးတီးဟာ အိမ်ကွင်းပရိသတ်ရှေ့မှာ ဒေါ့မွန်ကို ၂-၁ နဲ့ အနိုင် ရရှိခဲ့ပါတယ်။
ဘယ်လင်ဂန်ကလည်း ဒီပွဲမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ဒုတိယပိုင်းအစောပိုင်းမှာတင် နိုင်ပွဲရရှိဖို့ နီးစပ်နိုင်တဲ့ အမိုက်စားသွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးဖို့ ၁၀ မိနစ်အလိုမှာတင် မန်စီးတီးက ဂျွန်စတုန်းရဲ့ လှပတဲ့အဝေးကန်ချက်ကနေ ချေပဂိုးပြန်လည် သွင်းယူသွားခဲ့ပါတယ်။
နောက်ထပ် ၄ မိနစ်အကြာမှာတော့ ဂျာအိုကန်ဆယ်လိုရဲ့ လှပတဲ့ပေးပို့မကို နောက်ခံလူတွေ ကပ်ထားတဲ့ကြားကနေ ဟာလန်းက ပြေးဝင်ပိတ်သွင်းပြီး ဒေါ့မွန်ဂိုးသမား အလက်ဇန္ဒားမေယာကို နောက်ကောက်ကျသွားစေခဲ့ပါတယ်။
ပွဲပြီးဆုံးချိန်မှာတော့ ဒေါ့မွန်မှာ အသင်းဖော်တွေဖြစ်ခဲ့ကြတဲ့ ဟာလန်းနဲ့ ဘယ်လင်ဂန်တို့ရဲ့ ကွင်းတွင်းမှာ စကားပြောနေကြတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဆိုရှယ်မီဒီယာမှာ ပေါ်ထွက်လာတဲ့ ဗီဒီယိုတစ်ခုထဲမှာတော့ ဘယ်လင်ဂန်က ဟာလန်းရဲ့ အမိုက်စားဂိုးကို ရည်ရွယ်ပြီး “ သောက်ကျိုးနည်း ဂိုးပါလား သားကြီးရာ ” ဆိုပြီး ပြောခဲ့တာတွေ့ရပါတယ်။
ဟာလန်းဟာ အခုဆိုရင် နွေရာသီကမှ ဒေါ့မွန်ကနေ မန်စီးတီးကို ပေါင် ၅၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် အသင်းအတွက် ၉ ပွဲကစားပြီးချိန်မှာ သွင်းဂိုး ၁၃ ဂိုးထိ သွင်းယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။၂၂ နှစ်အရွယ်ကစားသမားဟာ ချန်ပီယံလိဂ်မှာလည်း ၂၂ ပွဲကစားပြီး ၂၆ ဂိုးသွင်းထားတဲ့ စံချိန်ကောင်းတစ်ခုကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။
ပွဲပြီးအင်တာဗျူးမှာလည်း ဘယ်လင်ဂန်က သူ့ရဲ့အသင်းဖော်ဟောင်းကို ချီးကျူးခဲ့ပါသေးတယ်။ ဘယ်လင်ဂန်က “ ဒီဂိုးကသူ့ရဲ့ အရည်အချင်းပဲလေ။ သူက ပွဲထဲမှာ သိပ်ပြီးထင်ထင်ရှားရှား မကစားတတ်ဘူး ဒါပေမယ့် အခွင့်အရေး နည်းနည်းလေးပဲဖြစ်ဖြစ် ရရင်ရသလို ဂိုးအဖြစ်ပြောင်းလဲပေးနိုင်တယ်။
ဒီညလည်း သူအဲ့ဒီလိုလုပ်သွားတယ်လေ ” ဆိုပြီး ချီးကျူးခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင်း မန်စီးတီးဟာ ဒေါ့မွန်ကို ၃ မှတ်ဖြတ်ပြီး အုပ်စုဂျီရဲ့ နံပါတ် ၁ နေရာကို ရယူနိုင်ခဲ့ပါတယ်။ လာမယ့်စနေနေ့မှာတော့ မန်စီးတီးက ဝုဗ်နဲ့အဝေးကွင်း သွားကစားရမှာဖြစ်ပြီး ဒေါ့မွန်ကတော့ ရှော်လ်ကေးကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
#မန်စီးတီး #ဟာလန်း #ဘယ်လင်ဂမ် #ပရီးမီးယားလိဂ်