ရှေ့သို့
Image

ချဲလ်ဆီး အသင်းသားတွေက အရာရာတိုင်း ပေးဆပ်ကစားသွားတယ်လို့ ချီးကျူး ပြောဆိုလိုက်တဲ့ ပေါ့တာ

2:13 PM, 15 September

အနောက် လန်ဒန် ကလပ်ရဲ့ နည်းပြသစ် ဖြစ်မလာခင် အထိ ချန်ပီယံလိဂ် ပြိုင်ပွဲ အတွေ့အကြုံ မရှိခဲ့ဘူးလို့ ချဲလ်ဆီး နည်းပြ ဂရေဟမ်ပေါ့တာက ဝန်ခံပြောဆိုခဲ့ပေမယ့် သူရဲ့ ပထမဆုံး ချန်ပီယံလိဂ် ပွဲစဉ် အဖြစ် အိမ်ကွင်းမှာ ဆဲလ်ဘတ်နဲ့ တစ်ဖက်တစ်ဂိုးစီ သရေ ရလဒ်ထွက်ပေါ်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် ချန်ပီယံလိဂ်  ချန်ပီယံအသင်းဟာ အုပ်စုအဆင့်မှာပဲ ပြိုင်ပွဲမှ ထွက်ခွာရမယ့် အန္တရာယ်နဲ့ ကြုံလာရပါပြီ။


အခုရာသီ ချန်ပီယံလိဂ်အုပ်စု(E)မှာ အုပ်စုနောက်ဆုံးရောက်နေတဲ့ ချဲလ်ဆီးက လာမယ့်ပွဲစဉ်မှာတော့ အုပ်စုကိုဦးဆောင်နေတဲ့ အေစီမီလန်နဲ့ ကစားရမှာဖြစ်ပါတယ်။ ၂၀၂၁ ချန်ပီယံအသင်းက အခုရာသီပြိုင်ပွဲ အုပ်စုအဆင့်မှာပဲ ပြိုင်ပွဲကနေထွက်ခွာခဲ့ရမယ်ဆိုရင် ဘောလုံးပရိသတ်တိုင်း အံ့သြတကြီးဖြစ်ကြမှာပါ။ လက်ရှိမှာတော့ ချဲလ်ဆီးက နည်းပြသစ်ဂရေဟမ်ပေါ့တာရဲ့ ဦးဆောင်မှုနဲ့အတူ နည်းဗျူဟာပိုင်းအပြောင်းအလဲ၊ ကောင်းမွန်တဲ့ ကြိုးစား အားထုတ်မှုတွေကို မြင်တွေ့လာရတာက ချဲလ်ဆီး ပရိသတ်တွေ အတွက် ကျေနပ် အားရစေမှာ ဖြစ်ပါတယ်။


သူတို့ အသင်းရဲ့ အဆုံးသတ် စွမ်းရည်ပိုင်းကို တိုးတက်လာအောင် လုပ်ဆောင်နိုင်ဖို့တော့ ကြိုးစားရဖို့ ရှိပါသေးတယ်။ အချို့ ပရိသတ်တွေကလည်း အသင်းအတွက် ချန်ပီယံလိဂ် ဆုဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြအစား ယူရိုပါလိဂ် ၃၂ သင်းရှုံးထွက်အဆင့်ပဲ တက်ရောက်ဖူးတဲ့ နည်းပြတစ်ဦးနဲ့ အစားထိုးလိုက်တဲ့ အသင်း ပိုင်ရှင်တွေရဲ့ ဆုံးဖြတ်ချက် အပေါ် စိတ်ရှုပ်နေကြပါတယ်။


BBC Sport နဲ့တွေ့ဆုံချိန် ချဲလ်ဆီးပရိသတ် မက်တီက “ ဂရေဟမ်ပေါ့တာက အရည်အချင်းရှိတဲ့ နည်းပြတစ်ဦးပါ။ ဒါပေမယ့် ကျွန်တော်တို့အသင်းမှာ တူချယ်လိုမျိုး ကမ္ဘာ့ အဆင့် နည်းပြ တစ်ဦး ရှိခဲ့ဖူးပါတယ်။ ပေါ်တာက သက်သေပြဖို့ အများကြီး ကျန်နေသေးသလို ဖြည့်ဆည်းရမယ့် လိုအပ်ချက်တွေလည်း အများကြီးရှိပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။


ဒါပေမယ့် ဂရေဟမ်ပေါ့တာကတော့ နည်းဗျူဟာအသစ်တွေနဲ့ နည်းပြသစ်လက်အောက်မှာ လျင်လျင်မြန်မြန်ပဲ တိုးတက်လာတဲ့ သူရဲ့ကစားသမားတွေကို ချီးကျူးပြောဆိုခဲ့ပါတယ်။“၁ မှတ်ပဲရခဲ့လို့ ကျွန်တော်တို့ စိတ်ပျက်ခဲ့ရတယ်။ ဒါပေမယ့် ကစားသမားတွေရဲ့ အားထုတ်မှုက လက်ဖျားခါစရာပဲလို့ ကျွန်တော်ထင်ပါတယ်။ သူတို့က အရာရာတိုင်း ပေးဆပ်ကစားခဲ့သလို ဒီနေ့ သူတို့ရဲ့ စွမ်းဆောင်ရည် အတွက် ကျွန်တော် အရမ်း ဂုဏ်ယူမိပါတယ်။


ဒီအခြေအနေက ကစားသမားတွေ အတွက် လွယ်ကူမှု ရှိမှာမဟုတ်ဘူး။ နည်းပြသစ် ပြောင်းလဲပြီး နည်းဗျူဟာသစ်တွေနဲ့ ကစားရချိန်မှာ သူတို့ရဲ့တုံ့ပြန်မှုက လက်ဖျားခါစရာပဲ။ သူတို့က တကယ့်ကို တာဝန်ယူမှုရှိရှိ၊ ရိုးသားမှုအပြည့်၊ ပရော်ဖက်ရှင်နယ်ဆန်ဆန် လုပ်ဆောင်ခဲ့ပါတယ်။ အားထုတ်မှုပိုင်းအရ ကြည့်မယ်ဆိုရင် ရာနှုန်းပြည့် ကြိုးစားခဲ့တာကို မြင်တွေ့ရမှာပါ”လို့ ဂရေဟမ်ပေါ်တာက ပြောဆိုခဲ့ပါတယ်။

#ချဲလ်ဆီး #ဂရေဟမ် ပေါ့တာ #ပရီးမီးယားလိဂ်