ရှေ့သို့
Image

မန်စီးတီးနဲ့ပွဲက ဘယ်လင်ဂန်ရဲ့ ခြေစွမ်းကို ချီးကျူးခဲ့ကြတဲ့ ဟားဂရေ့ဗ်နဲ့ လက်စ်ကော့

11:03 AM, 15 September

မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန် လက်ရွေးစင်ဟောင်း အိုဝင်ဟားဂရေ့ဗ်က ဒေါ့မွန်ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဂန်ဟာ ဒီဆောင်းရာသီမှာ ကစားရမယ့် ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်း အတွက် သေချာပေါက် ပွဲထွက်ကစားသင့်ကြောင်း ချီးကျူးခဲ့ပါတယ်။ ဒေါ့မွန်ဟာ နောက်ကျဂိုးတွေ ပေးခဲ့ရတာကြောင့် ဗုဒ္ဓဟူးည ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းကို ၂-၁ နဲ့ အရေးနိမ့်ခဲ့ပေမယ့် ဘယ်လင်ဂန်ကတော့ အီတီဟတ်ကွင်းကြီးထဲမှာ အထင်ကြီးစရာ ခြေစွမ်းမျိုး ပြသခဲ့ပါတယ်။ 


ပွဲချိန် ၅၆ မိနစ်မှာ မာကိုရူးစ်ရဲ့ ဖြတ်တင်ဘောကို မန်စီးတီးခံစစ် ကစားသမားတွေ ကျပ်နေတဲ့ကြားကနေ အံ့အားသင့်ဖွယ် ခေါင်းတိုက်နိုင်ခဲ့ပြီး ဘောလုံးကလည်း ဂိုးသမားအီဒါဆန်ကို ကျော်ကာဂိုးထဲကို တန်းတန်းမတ်မတ် ဝင်သွားခဲ့ပါတယ်။ ဘယ်လင်ဂန်ဟာ အခုမှအသက် ၁၉ နှစ်သာရှိသေးပေမယ့် အင်္ဂလန်အသင်း အတွက်တော့ အားကိုးရတဲ့ ကစားသမား တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အခုလည်း အိုဝင်ဟားဂရေ့ဗ်က “ သူ့ရဲ့စကားပြောပုံတွေ၊ ကစားပုံတွေက ပုံမှန် ၁၉ နှစ်သားတစ်ယောက်နဲ့ လုံးဝမတူပါဘူး။ 


စီးတီးကို သွင်းသွားတဲ့ ဂိုးကသက်သေပါပဲ၊ သူက ဆွစ်ဇာလန် စစ်တပ်သုံးဓားလိုပဲ၊ အကောင်းဆုံး ထက်မြတ်နေတဲ့ ကစားသမား တစ်ယောက်။ ဂျုဒ်ရဲ့ ကြံ့ခိုင်မှုကလည်း စတိဗ်ဂျီ(စတီဗင်ဂျရတ်)လိုပဲ။ ဘောလုံးကိုလည်း အရမ်းနိုင်တယ်၊ ဒါပေမယ့် အဲ့ဒီလိုကစားသမားတွေ နာသွားမှာကို ပိုစိုးရိမ်မိတယ်။ သူက ကျွန်တော့် အမြင်အရတော့ ကမ္ဘာ့ဖလားမှာ ကျိန်းသေ အားကိုးရမယ့်သူပါ ” လို့ ချီးကျူးခဲ့ပါတယ်။ ဂျိုလီယွန်လက်စ်ကော့ကလည်း “ သူသာ အင်္ဂလန် လူစာရင်းထဲ ပါလာရင် ဘာမှငြင်းစရာ အကြောင်းမရှိပါဘူး။ 


ပွဲထွက် ၁၁ ယောက်ထဲမှာလည်း တန်းပါလာပါလိမ့်မယ်။ သူ့ရဲ့အားသာချက် ၊ ကြိုးစားအားထုတ်မှုတွေက ခံစစ်ကစားသမား အများစုကို ပြာသွားစေနိုင်တယ်။ တိုက်စစ်ကိုလည်း ကောင်းကောင်း ထိန်းကျောင်းနိုင်ပြီး နေရာလွတ်တွေကိုလည်း ချက်ချင်းမြင်တတ်တယ်။ သွင်းသွားတဲ့ ဂိုးဆိုလည်း စက္ကန့်ပိုင်းလေး အတွင်းမှာ လွတ်သွားတဲ့ နေရာတစ်ခုကို ချက်ချင်းဝင်လာပြီး ဂိုးအဖြစ် ပြောင်းလဲသွားတာ။ ဒီခြေစွမ်းနဲ့ ကမ္ဘာ့ဖလားမှာတော့ သူ့ကို မျှော့်လင်မိပါရဲ့။ သူလည်း အင်္ဂလန် အသင်းအတွက်ကို စိတ်ပူမှာ မဟုတ်လောက်ဘူး၊ သူခုချိန်မှာ ဒေါ့မွန်နဲ့နိုင်ပွဲတွေ ရယူဖို့အတွက်ပဲ စိတ်ပူနေပါလိမ့်မယ် ” လို့ ပြောခဲ့ပါတယ်။ 


ဘယ်လင်ဂန်ဟာ အင်္ဂလန် အသင်းအတွက် ၁၅ ပွဲကစားထားပြီး အင်္ဂလန် အသင်းသမိုင်းမှာ စီနီယာ ပွဲထွက်ခွင့်ကို အသက် ၁၇ နှစ် ၁၃၆ ရက်တည်းနဲ့ ၂၀၂၀ နိုဝင်ဘာ အိုင်ယာလန်နဲ့ပွဲပါဝင်ကစားပြီး တတိယမြောက် အသက် အငယ်ဆုံး ကစားသမား အဖြစ်လည်း မှတ်တမ်းဝင် ထားပါတယ်။ အင်္ဂလန်အသင်းရဲ့ နောက်ဆုံး ၅ ပွဲမှာလည်း ၃ ပွဲကို ပွဲထွက် ကစားသမားအဖြစ်နဲ့ ပါဝင်ခဲ့ပြီး ဒီလနှောင်းပိုင်းမှာ ကစားမယ့် ဂျာမနီ၊ အီတလီတို့နဲ့ ကစားမယ့် နေးရှင်းလိဂ် ပွဲစဉ်တွေမှာလည်း ပွဲထွက် ပါဝင်လာဖွယ် ရှိနေပါတယ်။


ဆယ်ကျော်သက် ကစားသမားလေးဟာ ဒီရာသီ ဒေါ့မွန်အတွက် ၉ ပွဲကစားပြီး သွင်းဂိုး ၃ ဂိုးထိ ရရှိထားပြီး ပြီးခဲ့တဲ့ရာသီ တစ်ရာသီလုံးစာ သွင်းဂိုးရဲ့ တစ်ဝက်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ နွေရာသီမှာ လီဗာပူး၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့်လည်း အီဒူနာပတ်မှာ အနည်းဆုံး နောက်ထပ် တစ်နှစ်ခန့် ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

#မန်စီးတီး #ဒေါ့မွန် #ချန်ပီယံလိဂ် #ဘယ်လင်ဂမ် #ဟားဂရေ့ဗ် #လက်စ်ကော့