ရှေ့သို့
Image

ပါရီဒက်စ်အတွက် ပီအက်စ်ဂျီနဲ့ ယူနိုက်တက်တို့ ဆွေးနွေးခဲ့သေးကြောင်း ဖာဘရီဇီယို အတည်ပြု

2:08 PM, 13 September

နွေရာသီအပြောင်းအရွှေ့ကာလက ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ ဇာတ်လမ်းတွေနဲ့  နောက်ထပ်ဖြစ်ပေါ်လာနိုင်တဲ့ အပြောင်းအရွှေ့တွေကတော့ တစ်လလုံးလိုလို ဆက်လက်ထွက်ပေါ်နေဦးမှာပါ။ ဒီဇာတ်လမ်းတွေထဲမှာတော့ ပီအက်စ်ဂျီကွင်းလယ်လူ အီအန်ဒရိုပါရီဒက်စ်နဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ သတင်းကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

စနေနေ့တုန်းက အပြောင်းအရွှေ့စပယ်ရှယ်လစ် ဖာဘရီဇီယိုရိုမာနိုက သူ့ရဲ့ယူကျူချန်နယ်မှာ မန်ချက်စတာယူနိုက်တက်ဟာ အသင်းကို ပြန်လည်တည်ဆောက်နေတဲ့ နည်းပြအဲရစ်တန်ဟတ်ကို  ခန့်အပ်ခဲ့ပြီးနောက် ကစားသမား ၁၅ ယောက်လောက်ထိကို ကမ်းလှမ်းခဲ့တယ်လို့ ပြောခဲ့ပါတယ်။  ရိုမာနိုက ယူနိုက်တက်တိုပ ကမ်းလှမ်းခဲ့တဲ့ ကစားသမားတွေထဲမှာ လီအန်ဒရိုပါရီဒက်စ်လည်း ပါဝင်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

ရိုမာနိုက “မန်ချက်စတာယူနိုက်တက်က တစ်ပတ်တည်းမှာတင် ကစားသမား ၁၅ ယောက်လောက်ကို ကမ်းလှမ်းခဲ့တာပါ။ မမ်းဖစ်ဒီပေးကို အလွတ်နဲ့ မွိုက်စ်ကိုင်စီဒိုကို ရာဘီရော့နဲ့ အပြောင်းအရွှေ့ပျက်ပြီးတော့ တန်းကမ်းလှမ်းခဲ့သေးတယ်။ လီအန်ဒရိုပါရီဒက်စ်အတွက်လည်း ယူနိုက်တက်နဲ့ ပီအက်စ်ဂျီတို့ ဆွေးနွေးခဲ့ကြသေးတယ်။ ပီအက်စ်ဂျီက ပါရီဒက်စ်အတွက် ရေရှည်အဆင်ပြေမယ့် အဖြေတစ်ခုကို ရှာဖွေချင်ခဲ့တယ်၊ ယူနိုက်တက်ကတော့ အဲ့ဒါနဲ့မတူတဲ့ အဖြေတစ်ခုကို ရှာဖွေခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

အပြောင်းအရွှေ့ပိတ်ခါနီး နာရီပိုင်းအလိုကျမှ ပါရီဒက်စ်က ဂျူဗင်တပ်စ်ကိုပဲ အငှားနဲ့ရောက်ရှိသွားတာကြောင့် ပီအက်စ်ဂျီနဲ့ယူနိုက်တက်တို့ကြားမှာ ဆွေးနွေးမှုက အရာမထင်ခဲ့ဘူးဆိုတာ သိသာပါတယ်။ ပါရီဒက်စ်အနေနဲ့ တူရင်မှာ တည်ငြိမ်တဲ့ခြေစွမ်မျိုးကို ပြသဖို့လိုအပ်တဲ့အပြင် လာမယ့်ကမ္ဘာ့ဖလားမှာလည်း ခြေစွမ်းပြနိုင်ခဲ့မယ်ဆိုရင်တော့ အီတလီကလပ် သို့မဟုတ် အခြားကလပ်တစ်ခုက အပြီးသတ်ဝယ်ယူဖွယ် ရှိပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပီအက်စ်ဂျီ #အပြောင်းအရွှေ့ #ရိုမာနို #ဖာဘရီဇီယို