ရှေ့သို့
Image

ဂျူဗင်တပ်စ်ရဲ့ နာကျင်အချိန်ပို သွင်းဂိုး ပယ်ဖျက်ခံရမှုအပေါ် အမြင်ကို ထုတ်ပြောလာတဲ့ နည်းပြ အယ်လီဂရီ

11:49 AM, 12 September

မနေ့ညပိုင်း၊ ဆလာနီတာနာနဲ့ နှစ်ဂိုးစီသရေကျခဲ့တဲ့ စီးရီးအေ အိမ်ကွင်း ပွဲစဉ်အတွင်း ဂျူဗင်တပ်စ်ဟာ ပထမပိုင်းပွဲချိန်မှာ နှစ်ဂိုးပြတ် အရေးနိမ့်ခဲ့ပေမယ့် ဒုတိယပိုင်းပွဲချိန်တွေမှာ အကောင်းဆုံး ပြန်လာနိုင်ခဲ့ပြီးနောက် အိမ်ကွင်း Comeback နိုင်ပွဲတစ်ခုနဲ့ အနီးစပ်ဆုံး အခြေအနေ တစ်ခုအထိ ရောက်ရှိခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်ပြီးဆုံးချိန် ဆလာနီတာနာကစားသမား ကန်ဒရီဗာ၊ ပီယာတက်ခ်တို့ရဲ့သွင်းဂိုးတွေနဲ့ ဂျူဗင်တပ်စ်က နှစ်ဂိုးပြတ်ရှုံးနိမ့်နေခဲ့ပြီး ဒုတိယပိုင်းပွဲချိန်အစောပိုင်းမိနစ်မှာ ဘရီမာက အိုးလေဒီတို့အတွက် ပထမချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။


နာကျင်အချိန်ပို ၉၃ မိနစ်မှာတော့ အသင်းခေါင်းဆောင် ဘိုနူချီက ဂျူဗင်တပ်စ်အတွက် ဒုတိယမြောက် ချေပဂိုး အဖြစ် ပယ်နယ်တီပြစ်ဒဏ်ကို နှစ်ဆင့်ကန်သွင်းကာ ရယူခဲ့ပါတယ်။ နာကျင်အချိန်ပို ၉၅ မိနစ်မှာ ထောင့်ကန်ဘောမှ တဆင့် မီလစ်ခ်က အိမ်ရှင် အသင်း အတွက် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့လို့ အိမ်ကွင်းမှော်ဝင် comeback နိုင်ပွဲတစ်ခုကို ဖော်ဆောင်နိုင်ပြီလို့ အများက ယူဆခဲ့ပါတယ်။ ဒါပေမယ့် မီလစ်ခ်ရဲ့သွင်းဂိုးမှာ အသင်း ခေါင်းဆောင်ဘိုနူချီက လူကျွံအနေအထားနဲ့ အသင်းကစားကွက်မှာ ပါဝင် ပတ်သက်နေတယ်လို့ ယူဆခံခဲ့ရတာကြောင့် VAR ရဲ့ အကြံပြုချက်နဲ့ ကွင်းလယ်ဒိုင်က သွင်းဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။ 


ပွဲချိန်နှောင်းပိုင်း အငြင်းပွားဖွယ် ဖြစ်ရပ်တွေကြောင့် တိုက်ရိုက် အနီကတ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရတဲ့ အယ်လီဂရီက ပွဲစဉ်အပြီးမှာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက် အပေါ် အနည်းငယ် ဝေဖန် ပြောဆိုခဲ့ပါတယ်။ အယ်လီဂရီက “ ဒီပွဲစဉ်မှာ ဂျူဗင်တပ်စ်က အလွန်ဆိုးရွားတဲ့ စွမ်းဆောင်ရည် တစ်ခု ဖြစ်ခဲ့သလား? မဟုတ်ပါဘူး။ မင်းလည်း ပွဲကြည့်ခဲ့တာပဲ။ ပထမပိုင်းမိနစ် ၂၀ လောက်က အရမ်းကောင်းပါတယ်။ ဒီနောက်ပိုင်းမှာတော့ ကွာဂရာဒိုရဲ့ ဘောလုံး တားဆီးပုံ အမှားကနေ အဖွင့်ဂိုး ပေးလိုက်ရတယ်။


ပွဲအပြီးမှာတော့ ကျွန်တော် ဒိုင်လူကြီးတွေနဲ့ စကားမပြောဖြစ်ပါဘူး။ သွင်းဂိုးတစ်ဂိုးကိုလည်း ခွင့်မပြုခဲ့ဘူးဆိုတာတော့ အမှန်တရားတစ်ခုပါ။ ကျွန်တော့်အနေနဲ့ မီလစ်ခ်ရဲ့သွင်းဂိုးမှာ ဗီဒီယိုကိုပြန်ကြည့်ချင်နေတဲ့ အကြောင်းအရင်းက တစ်ခုတည်းရှိပါတယ်။ ထောင့်ကန်ဘောကန်တင်ချိန်မှာ ကွင်းရဲ့ထောင့်နားမှာ ဆလာနီတာနာ ကစားသမား ကန်ဒရီဗာရှိနေခဲ့တယ်။ ဒါကိုတော့ VAR ရဲ့ ဗီဒီယိုထဲမှာ မမြင်ရဘူးပေါ့။


အကယ်၍ ကန်ဒရီဗာကရော ပြိုင်ဘက် ကစားသမား အားလုံးကို လူကျွံဘော အနေအထား ဖြစ်မလာအောင် လုပ်မပေးနိုင်ဘူးလား? ကျွန်တော်တို့မှာလည်း အဲ့ဒီရုပ်သံမှတ်တမ်းမရှိသလို ဘယ်သူ့ဆီမှာမှလည်း မရှိပါဘူး။ ဒါ့ကြောင့် ကျွန်တော်ဘာမှမသိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကွင်းလယ်ဒိုင်အနေနဲ့ တစ်ဦးတည်းပဲ ဆုံးဖြတ်ချက်ချမှတ်ရပါမယ်။ ဘောလုံးသမားတွေကတော့ ဇာတ်ဆောင်တွေပေါ့။ အီတလီမှာ ဒိုင်လူကြီးကောင်း ၁၀ ဦး၊ ၁၅ ဦးလောက် ရှိပါတယ်”လို့ ပြောဆိုခဲ့တာပါ။

#စီးရီးအေ #ဂျူဗင်တပ်စ် #အယ်လီဂရီ