ရှေ့သို့
Image

ချဲလ်ဆီး နည်းပြသစ် သတင်းကြောင့် ခေါင်းခြောက်စရာတွေ ကြုံလာရတဲ့ ဘရိုက်တန် ကစားသမားသစ် ဂီမောလ်

4:21 PM, 11 September

ဘရိုက်တန် ကွင်းလယ် လူသစ် ဂီမောလ်ဟာ အခုရက်ပိုင်းအတွင်း အပြောင်းအလဲ ကြီးကြီးမားမားတွေ ကြုံတွေ့ခဲ့ရတာကြောင့် ခေါင်းခြောက်စရာတွေ ကြုံလာရတယ်လို့ သတင်းတွေက ဖော်ပြလာပါတယ်။ အသက်-၂၁ နှစ်အရွယ် ချဲလ်ဆီး လူငယ် ကစားသမားဟောင်းက အခုနွေရာသီ အပြောင်းအရွှေ့ နောက်ဆုံး ပိတ်ရက်မှာ ပြောင်းရွှေ့ကြေးပေါင် ၁၀ သန်းဝန်းကျင်နဲ့  ဘရိုက်တန် အသင်းဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့၊ လက်စတာစီးတီးကို  ၅-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဘရိုက်တန်အတွက် လူစားဝင် ကစားခွင့် ရရှိခဲ့ပါတယ်။


ဒါပေမယ့် ဒီပွဲစဉ်ကပဲ နည်းပြ ဂရေဟမ်ပေါ်တာ လက်အောက် ဂီမောလ်ကစားခွင့်ရတဲ့ တစ်ခုတည်းသော ပွဲစဉ်ဖြစ်လာခဲ့ပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ဂရေဟမ်ပေါ်တာက ချဲလ်ဆီး နည်းပြသစ် အဖြစ် တာဝန်ယူဖို့ လန်ဒန်မြို့ဆီ ထွက်ခွာသွားခဲ့ပါတယ်။ဂီမောလ်က ဘရိုက်တန်ဆီ ပြောင်းရွှေ့ခဲ့ရတဲ့ တစ်ခုတည်းသော အကြောင်းရင်းမှာ နည်းပြ ဂရေဟမ်ပေါ်တာရဲ့ နည်းစနစ်ပိုင်းတွေကြောင့်လို့ သူ့ရဲ့မိတ်ဆွေတွေဆီ ထုတ်ပြောခဲ့တယ်လို့ The Sun သတင်းစာရဲ့ ရေးသားမှုအရ သိရပါတယ်။


လက်ရှိအချိန်မှာတော့ ဘရိုက်တန်က နည်းပြသစ် ရှာဖွေနေပြီ ဖြစ်လို့ သူရဲ့ အခြေအနေဟာ သောင်မတင် ရေမကျဖြစ်နေတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေကြောင့် စကော့တလန် လက်ရွေးစင် ကစားသမားဟာ အံ့အားသင့်နေမှာဖြစ်ပြီး စတမ်းဖို့ဘရစ်ခ်ျမှ ထွက်ခွာခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက် အတွက် နောင်တရကောင်း ရနေနိုင်ပါတယ်။


ချဲလ်ဆီး နည်းပြဟောင်း တူချယ်က ဂီမောလ်ကို အသင်းမှာ ဆက်နေမယ်ဆိုရင် စီနီယာ အသင်း ပွဲထွက်ခွင့် အနည်းငယ် ပေးမယ်ဆိုတဲ့ ရှင်းလင်း ပြောဆိုချက်နဲ့ အတူ အသင်းမှ မထွက်ခွာဖို့ တားမြစ်ခဲ့တာပါ။ နည်းပြဟောင်း တူချယ် လက်အောက်မှာ လူကာကူ၊ ဟတ်ဒ်ဆန်အိုဒွိုင်းတို့လို ကစားသမားတွေလည်း ပွဲထွက်ခွင့်မရရှိခဲ့လို့ အပြီးသတ် ဝယ်ယူခွင့် မပါတဲ့ အငှားစာချုပ်နဲ့ အနောက်လန်ဒန်ကလပ်မှ ထွက်ခွာသွားပါတယ်။ ဒီလို အခြေအနေတွေက ချဲလ်ဆီးအတွက် ချန်ပီယံလိဂ် ဖလား ယူဆောင်ပေးခဲ့တဲ့ နည်းပြရဲ့ အနာဂတ်အပေါ် အသင်းပိုင်ရှင်တွေက သံသယရှိခဲ့ပုံရတယ်လို့ ယူဆရပါတယ်။


ဂီမောလ်က ချဲလ်ဆီးမှထွက်ခွာဖို့ ဆန္ဒမရှိခဲ့ပေမယ့် နည်းပြဂရေဟမ်ပေါ်တာနဲ့ လက်တွဲလိုတဲ့အတွက် အနောက်လန်ဒန်ကလပ်မှ ထွက်ခွာခဲ့သော်လည်း အခုအချိန်မှာတော့ ဘရိုက်တန်နည်းပြသစ် ဘယ်သူဖြစ်လာမလဲဆိုတာ စောင့်ဆိုင်းနေရပါပြီ။ ကံကောင်းစွာနဲ့ပဲ ဘရိုက်တန် အကြီးအကဲတွေက ဂီမောလ် မျှော်လင့်ထားသလို အားမာန်တက်ကြွစွာနဲ့ ဘောလုံးပိုင်ဆိုင်မှု အသားပေး နည်းပြ တစ်ဦးကို ခန့်အပ်ဖို့ မျှော်လင့်ရပါတယ်။

#ဘရိုက်တန် #ဂရေဟမ် ပေါ့တာ #ပရီးမီးယားလိဂ်