ရှေ့သို့
Image

ဘိုင်ယန်စတား ဂနာဘရီနဲ့ မာကွင်ဟို့စ်ကို ခိုင်းနှိုင်းလိုက်တဲ့ မာတင်ကီယွန်

2:47 PM, 10 September

အာဆင်နယ်အသင်းရဲ့ ဘရာဇီးလူငယ်တောင်ပံကစားသမား မာကွင်ဟို့စ်ကို အသင်းကစားသမားဟောင်း ကီယွန်က ပွဲဦးထွက်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ချီးကျူးပြောကြားလိုက်ပါတယ်။

အာဆင်နယ် ပရိသတ်တွေဟာ မာကွင်ဟို့စ်နဲ့ပတ်သက်ပြီး ပွဲဦးထွက်မှာခြေစွမ်းပြနိုင်ခဲ့ပြီးနောက် သဘောကျနေကြပါတယ်။ မာကွင်ဟို့စ်ဟာ ဇူးရစ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲဦးထွက်မှာ ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး အန်ကီးတီးယားရဲ့အနိုင်ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ကီယွန်က လူငယ်ကစားသမားလေးရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးလိုက်ပြီး ပြောကြားရာမှာ “အဲ့တာက ယုံကြည်မှုအပြည့်ပါပဲ။ ကျွန်တော်တို့ ဘောလုံးပိုင်းဆိုင်မှုအကြောင်းပြောကြပေမယ့် မာကွင်ဟို့စ်လေးက ဒီညမှ တော်တော်ကောင်းခဲ့ပါတယ်။ ဗီအဲရာရဲ့ပေးပို့မှုကလည်း ကောင်းခဲ့သလို အန်ကီးတီးယားရဲ့ ရွှေ့လျားမှုကလည်း ကောင်းခဲ့ပါတယ်။ မာကွင်ဟို့စ်ရဲ့အဆုံးသတ်ကလည်း ကောင်းခဲ့ပါတယ်။ သူ့မှာ ကြီးမားတဲ့အနာဂတ်ရှိနေပါတယ်။ ဆာကာလည်း ဒီလိုမျိုးဖြတ်သန်းလာတာပါ။ သူ့ပုံစံက ဂနာဘရီနဲ့တောင် ဆင်တူပါတယ်။ သူ့ကိုကြည့်ရတာ အဆင့်အတန်းတစ်ခုရှိသလို ရွှေ့လျားမှုတွေကလည်း ပါးနပ်လွန်းပါတယ်”လို့ ကီယွန်က ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းမှာ လူငယ်တော်တော်များများရှိနေပြီး မာတီနယ်လီ ၊ ရမ်စ်ဒဲလ် ၊ ဆာကာ ၊ စမစ်ရိုတို့ကလည်း တိုးတက်လာခဲ့ကြတာဖြစ်ပါတယ်။ မာကွင်ဟို့စ်ဟာ ယူရိုပါလိဂ်မှာ ပထမဆုံးကစားခွင့်ရခဲ့ပေမယ့် ပရိသတ်တွေကတော့ ပရီးမီးယားလိဂ်မှာ ပုံမှန်ပါဝင်ခွင့်ရရှိမှာကို မျှော်လင့်နေကြပါတယ်။

အာဆင်နယ်ဟာ ကမ္ဘာ့ဖလားမတိင်ခင် ပြိုင်ပွဲစုံ ၁၇ ပွဲကျော်လောက်ကစားရမှာဖြစ်ပါတယ်။ အာတီတာကလည်း လာမယ့်ပွဲတွေမှာ အသက် ၁၉ နှစ်သားကို အခွင့်အရေးပေးဖွယ်ရှိနေပါတယ်။

“သူနဲ့ပတ်သက်ပြီး ကျွန်တော်အရမ်းပျော်ပါတယ်။ သူက အလျင်အမြန်အထိုင်ကျခဲ့ပြီး အဝတ်လဲခန်းမှာကော လေ့ကျင့်ရေးကွင်းမှာလည်း တကယ်ကြိုးစားပါတယ်။ သူ့ဘာသာစကားက အရမ်းမကောင်းပေမယ့် ကျွန်တော်တို့ချင်းနားလည်ကြပါတယ်။ ဒီအရည်အချင်းကို သူဆက်ထိန်းထားနိုင်ရင် အသင်းမှာ နေရာတစ်နေရာရလာနိုင်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

#ဂနာဘရီ #အာဆင်နယ် #မာကွင်ဟို့စ် #မာတင်ကီယွန် #ပရီးမီးယားလိဂ်