ရှေ့သို့
Image

၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားအတွက် အီဂျစ်၊ ဂရိတို့နဲ့အတူ ပူးတွဲ အိမ်ရှင်အဖြစ် လျှောက်ထားဖွယ်ရှိတဲ့ ဆော်ဒီ

1:51 PM, 9 September

၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ဆော်ဒီအာရေဗီးယားက အီဂျစ်၊ ဂရိတို့နဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် လျှောက်ထားဖို့ ရှိနေတယ်လို့ သတင်းတွေအရ သိရပြီး နောက်တစ်ကြိမ် ဆောင်းရာသီ ကမ္ဘာ့ဖလား ပြိုင်ပွဲ တစ်ခု မြင်တွေ့ရဖို့ အလားအလာတွေ ရှိလာပါတယ်။ ကာတာနိုင်ငံမှာကျင်းပမယ့် အခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပြိုင်ပွဲသမိုင်းတလျှောက် ပထမဆုံး အကြိမ်အဖြစ် နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာ ကျင်းပသွားမှာပါ။ 


ပုံမှန်ဆိုရင်တော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဥရောပ ဘောလုံးရာသီအပြီး ဇွန်၊ဇူလိုင်လတွေမှာ ကျင်းပလေ့ရှိပေမယ့် အခုလို သုံးနိုင်ငံ အိမ်ရှင်လျှောက်ထားမှု အောင်မြင်ခဲ့မယ်ဆိုရင် ပူပြင်းတဲ့ ဇွန်၊ဇူလိုင်လတွေကို ရှောင်ရှားဖို့ နောက်တစ်ကြိမ် ဆောင်းရာသီ ကမ္ဘာ့ဖလား ပြိုင်ပွဲ တစ်ခုကို မြင်တွေ့ရမှာဖြစ်ပါတယ်။ The Times သတင်းဌာနရဲ့ အဆိုအရ ထိပ်တန်းအစိုးရအရာရှိတွေရဲ့ ဆွေးနွေးမှုတွေအပြီးမှာ ၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားအတွက် သုံးနိုင်ငံ အိမ်ရှင် အဖြစ်လျှောက်ထားမှု အတွက် ကြေညာချက် တစ်ခု ထွက်ပေါ်လာဖို့ ရှိတယ်လို့ သိရပါတယ်။


ဒီလိုလျှောက်ထားဖို့ အတွက် ဆော်ဒီအာရေဗီးယားက ဦးဆောင်ညှိနှိုင်းနေကာ အနည်းဆုံး ၎င်းရဲ့ အိမ်နီးချင်း အိမ်ရှင်နိုင်ငံတွေ လိုအပ်လာဖို့ရှိတဲ့ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး ကုန်ကျစရိတ်တွေ အပေါ် စိုက်ထုတ်ပေးသွားဖို့ ရှိနေကာ လာမယ့် သီတင်းပတ်တွေ အတွင်း တရားဝင် ကြေညာချက် တစ်ခုကို ထုတ်ပြန်သွားဖို့ ရှိတယ်လို့ The Times သတင်းဌာနက ဆက်လက်ဖော်ပြပါတယ်။


ပရီးမီးယားလိဂ် အပါအဝင် အခြား ဥရောပ ထိပ်တန်းလိဂ် ပြိုင်ပွဲတွေက သူတို့ရဲ့ ဘောလုံးရာသီ အလယ်မှာ ကြားဖြတ် ကျင်းပလာမယ့် နောက်တစ်ကြိမ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဆန့်ကျင်သွားဖွယ် ရှိပါတယ်။ အခုနှစ် အစောပိုင်းမှာပဲ ဗြိတိန်နဲ့ အိုင်ယာလန်တို့က ၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ပူးတွဲ ငါးနိုင်ငံ အိမ်ရှင် အဖြစ် လျှောက်ထားမယ့် အစီအစဉ်ကို စွန့်လွှတ်လိုက်တယ်လို့ ကြေညာခဲ့မှုနဲ့အတူ ၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလား အိမ်ရှင် လျှောက်ထားမှု ပြိုင်ပွဲကတော့ အမြင့်ဆုံး အခြေအနေ တစ်ခုအထိ ရောက်ရှိလာတော့မယ်လို့ မျှော်လင့်ရပါတယ်။


ယူအီးအက်ဖ်အေဦးဆောင်တဲ့ ဥရောပ အိမ်ရှင်အဖြစ် လျှောက်ထားမယ့်အစီအစဉ် တစ်ခုမှာတော့ စပိန်နဲ့ ပေါ်တူဂီတို့ဟာ ၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလား ပူးတွဲ အိမ်ရှင်အဖြစ် လျှောက်ထား လာမယ်လို့ မျှော်လင့်ရပြီး ဆော်ဒီဦးဆောင်တဲ့ သုံးနိုင်ငံ အိမ်ရှင် လျှောက်ထားမှု အစီအစဉ်အနေနဲ့ အာရှ၊ အာဖရိကနဲ့ အချို့ဥရောပ နိုင်ငံတွေဆီက ထောက်ခံမှုတွေ ရရှိမယ်လို့ ယုံကြည်နေပါတယ်။ တောင်အမေရိကဘက်ကလည်း ၂၀၃၀ ပြည့်နှစ်ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကျင်းပမှုနှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဖြစ်တာကြောင့် ပထမဆုံး အကြိမ် ကမ္ဘာ့ဖလားကျင်းပခဲ့ရာ ဥရုဂွေးနိုင်ငံမှာ နှစ်တစ်ရာပြည့်  ပွဲတော်ကို ခမ်းခမ်းနားနား ပြုလုပ်သွားဖို့ စောင့်မျှော်နေပါတယ်။

#ဆော်ဒီ