ရှေ့သို့
Image

ချဲလ်ဆီး နည်းပြသစ် ရာထူးက သူ့အတွက် မယုံကြည်နိုင် လောက်စရာ ဂုဏ်ပြုမှု တစ်ခုလို့ ထုတ်ပြောလိုက်တဲ့ ဂရေဟမ်ပေါ့တာ

1:41 PM, 9 September

အနောက် လန်ဒန် ကလပ်ရဲ့ ဦးဆောင်သူအဖြစ် ခန့်အပ်ခံရခြင်းက မယုံကြည်နိုင်လောက်စရာ ဂုဏ်ပြုမှု တစ်ခုဖြစ်တယ်လို့ ချဲလ်ဆီးနည်းပြသစ် ဂရေဟမ်ပေါ့တာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ချဲလ်ဆီး အသင်းပိုင်ရှင်တွေက ပေါ်တာကို နည်းပြသစ် အဖြစ် ငါးနှစ်စာချုပ် ချုပ်ဆိုခန့်အပ်ခဲ့တာ ဖြစ်ပြီး ဘရိုက်တန် နည်းပြဟောင်းက ‘နည်းဗျူဟာပိုင်း ဆန်းသစ်တီထွင်သူ’ တစ်ဦးဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ်။


ပေါ်တာက လာမယ့်စနေနေ့အစောပိုင်း၊ ဖူလ်ဟမ်နဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်မှာ ချဲလ်ဆီးကို ပွဲဦးထွက် ကိုင်တွယ်သွားဖို့ စီစဉ်ထားပေမယ့် ဗြိတိန် ဘုရင်မကြီး နတ်ရွာစံခဲ့တာကြောင့် ဒီပွဲစဉ်ကို ရွှေ့ဆိုင်းသွားဖွယ် ရှိနေတာပါ။ “ကျွန်တော့်အနေနဲ့ မယုံကြည်နိုင်လောက်အောင်ကို ဂုဏ်ယူမိသလို ချဲလ်ဆီးလို အလွန်ကောင်းမွန်တဲ့ ကလပ်အသင်းကို ကိုယ်စားပြုခွင့်ရတာ စိတ်လှုပ်ရှားမိပါတယ်။


ဒီလိုပဲ ချဲလ်ဆီး အသင်း ပိုင်ရှင်သစ်တွေနဲ့ လက်တွဲခွင့်ရတဲ့အပေါ် အရမ်း စိတ်လှုပ်ရှားနေသလို လက်ရှိ အသင်း ကစားသမားတွေနဲ့ တွေ့ဆုံပြီး အနာဂတ်အတွက် ဆွေးနွေးခွင့်ရဖို့၊ ကလပ်ဖန်တွေဂုဏ်ယူရမယ့် အသင်း တစ်ခုတည်ဆောက်ဖို့ စောင့်မျှော်နေပါတယ်။ ကျွန်တော့်အတွက် ဒီလို အခွင့်အရေးမျိုး ပေးခဲ့တဲ့ ဘရိုက်တန် အသင်းကိုလည်း ကျေးဇူးတင်ပါတယ်။


အထူးသဖြင့် ဘရိုက်တန် အသင်းပိုင်ရှင် တိုနီဘလွန်းနဲ့ ဘရိုက်တန် ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ ကျွန်တော် အသင်းမှာရှိနေတဲ့ ကာလတလျှောက် ထောက်ခံအားပေးမှု အပြည့်ရှိခဲ့တဲ့ အသင်းဖန်တွေကို ကျေးဇူးတင်ရှိပါတယ်”လို့ ဂရေဟမ်ပေါ့တာက ပြောဆိုခဲ့ပါတယ်။ ပေါ့တာက ချဲလ်ဆီးအသင်းဆီ သူရဲ့ နည်းပြ အဖွဲ့ တစ်ခုလုံးကို ခေါ်ဆောင်လာမှာဖြစ်ပြီး ဘရိုက်တန် ယာယီ နည်းပြသစ်အဖြစ် အသင်းကွင်းလယ်လူ လယ်လာနာနဲ့ လူငယ် အသင်း နည်းပြ အန်ဒရူးခရော့ဖ်စ်တို့က ပူးတွဲတာဝန်ယူသွားမှာ ဖြစ်ပါတယ်။

#ချဲလ်ဆီး #ဂရေဟမ် ပေါ့တာ #ပရီးမီးယားလိဂ်