ရှေ့သို့
Image

ယူအေအီးကလပ် အသင်းတစ်သင်းကို ပြောင်းရွှေ့ခဲ့ပြီ ဖြစ်တဲ့ ပီယာနစ်

4:45 PM, 8 September

ဘာစီလိုနာအသင်းနဲ့အတူ ဒဏ်ရာပြဿနာအချို့ကြုံတွေ့ခဲ့ရကာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရတဲ့ ဘော့စနီးယားနိုင်ငံသား မီရာလမ်ပီယာနစ်က အာရပ်စော်ဘွားများပြည်ထောင်စုရဲ့ ကလပ်အသင်း တစ်သင်းဖြစ်တဲ့ ရှာဟာ အသင်းကို ပြောင်းရွှေ့ခဲ့ပြီပဲ ဖြစ်ပါတယ်။

ပီယာနစ်ဟာ ၂၀၂၀ခုနှစ်က စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၅၁သန်းဖြင့် လာလီဂါကလပ်ဆီကိုရောက်ရှိလာခဲ့သူဖြစ်ပြီး ကွင်းလယ်တစ်ကြောမှာ ခြေစွမ်းပြ ကစားနိုင်ဖို့ ရုန်းကန်ခဲ့ရသလို နည်းပြ ရော်နယ်လ်ကိုးမန်းရဲ့ လက်ထက်မှာ ဘာစီလိုနအသင်းရဲ့ အနာဂက်အစီးအစဉ်တွေမှာ ပါဝင်ခြင်းမရှိတော့ဘူးလို့ ပါ အတိအလင်း ပြောဆိုခြင်း ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီမှာတော့ ဘာစီလိုနာအသင်းက ပီယာနစ်အား တူရကီ ကလပ်အသင်း တစ်သင်းဖြစ်တဲ့ ဘက်စီတက်စ် အသင်းကို အငှားနဲ့ စေလွှတ်ခဲ့ဖူးပြီး ယခုနှစ်နွေရာသီမှာမှ လာလီဂါကလပ်ဆီကို ပြန်လည် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ အာရပ်ကလပ် ဆာဟာအက်ဖ်စီအသင်းကို ပြောင်းရွှေ့ကစားဖို့အတွက် ပီယာနစ်နဲ့ ဘာစီလိုနာအသင်းတို့ဟာ နှစ်ဦးသဘောတူ စာချုပ် ဖျက်သိမ်းခဲ့တာဖြစ်ပြီး

ဆာဟာအက်ဖ်စီအသင်းဘက်မှလည်း ကစားသမားရဲ့ အပြောင်းအရွှေ့ကို တရားဝင်ကြေငြာမှု ပြုလုပ်သွားပြီလည်း ဖြစ်ပါတယ်။ ဘော့စနီးယားစတားတစ်ဦးဖြစ်တဲ့ ပီယာနစ်ဟာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း ၃၀အထိ ပါဝင်ကစားပေးခဲ့ပြီးတော့ ပြီးခဲ့တဲ့ ရာသီမှာတော့ နည်းပြ ရော်နယ်ကိုးမန်းရဲ့ အရေးပေးခြင်း မခံခဲ့ရတာကြောင့် တူရကီလိဂ်ကို အငှားသွား ရောက် ကစားခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ဘာစီလိုနာအသင်းက နယ်သာလန်နည်းပြ ရော်နယ်ကိုးမန်းကို ထုတ်ပယ်ကာ ကတ္တလန်အခြေစိုက်အသင်းရဲ့ ဂန္ဓဝင်ကစားသမား ဇာဗီဟာနန်ဒက်စ် ကို နည်းပြအဖြစ် ခေါ်ယူခန့်အပ်ခဲ့ပြီးနောက် နည်းပြ ဇာဗီအနေဖြင့် ပီယာနစ်ကို ဘာစီလိုနာမှာသာ ဆက်နေပြီး သူ့စီအစဉ်တွေမှာ ပါဝင်စေချင်တဲ့အကြောင်း ပြောဆိုခဲ့ပေမဲ့ အသက် ၃၂အရွယ် ဘော့စနီးယားကွင်းလယ်ကစားသမားကတော့ အသင်းပြောင်းကစားဖို့သာ စိတ်အားထက်သန်နေခဲ့တာပါ။

ပီယာနစ်ဟာ ပြီးခဲ့တဲ့ ရာသီမှာတုန်းက ဘာစီလိုနာအသင်းရဲ့ ကြုံတွေ့နေရတဲ့ ဘဏ္ဍာရေးပြဿနာတွေကို ပြေလည်စေဖို့အတွက် လစာ ၆၀ % အထိ လျော့ယူဖို့ ဘာစီလိုနာအသင်းတာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ တောင်းဆိုမှုကို လက်ခံခဲ့ပြီး အငှားပြောင်းရွှေ့ကစားဖို့  သဘောတူညီခဲ့တာကြောင့် ဘာစီလိုနာသင်းဘက်ကလည်း ပီယာနစ်ရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုကို လေးစားမှုရှိတဲ့အကြောင်း နှုတ်ဆက်စာကို လူမှုကွန်ယက်စာမျက်နှာ တစ်ခုမှာ ရေးသား ထားခဲ့တာပဲ ဖြစ်ပါတယ်။

#ဘာစီလိုနာ #အပြောင်းအရွှေ့ #ပီယာနစ်