ချန်ပီယံလိဂ်ဖလား ရနိုင်တဲ့ အသင်း ၂ သင်းနာမည်ကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ဆက်ဂ်ညာ
9:47 AM, 8 September
အာဆင်နယ်နဲ့ မန်စီးတီး နောက်ခံလူဟောင်း ဆက်ဂ်ညာက အခုရာသီချန်ပီယံလိဂ်ဖလားရနိုင်တဲ့အသင်း ၂ သင်းနာမည်ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အုပ်စုပွဲစဉ်တွေက မနေ့ညတုန်းက ကန်ခဲ့ပြီး ရီးရဲလ်အသင်းက ဆဲလ်တစ်အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
စပိန်ကလပ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက လီဗာပူးကို အနိုင်ရရှိပြီး ၁၄ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။ ဆက်ဂ်ညာက ပြီးခဲ့တဲ့ညတုန်းက ဒိုင်နမိုဇာဂရက်ဇ်ကို အရေးနိမ့်ခဲ့တဲ့ ချဲလ်ဆီးကိုလည်း မရွေးချယ်ခဲ့တာဖြစ်ပါတယ်။
“ကျွန်တော့်အတွက်တော့ မန်စီးတီးနဲ့ ပီအက်စ်ဂျီပဲ ချန်ပီယံလိဂ်ချန်ပီယံဖြစ်လိမ့်မယ်ထင်ပါတယ်။ မျှော်လင့်တာက သူတို့ ၂ သင်း ထိပ်တိုက်မတွေ့ဖို့ပါပဲ။ ဘာလို့လဲဆိုတော့ တကယ်ကောင်းတဲ့ ဖိုင်နယ်ဖြစ်လာနိုင်လို့ပါ။ ၂ သင်းစလုံးမှာ ထိပ်တန်းကစားသမားတွေရှိနေပါတယ်။ နေမာ ၊ မက်ပီ ၊ ဒီဘရိုင်းနဲ့ ဟာလန်းတို့ရှိနေပါတယ်။ သူတို့က ထိပ်တန်းအဆင့်ကို ထိန်းထားနိုင်ပြီး တည်ငြိမ်ကြပါတယ်။ ကျွန်တော့်အတွက်တော့ သူတို့က ထိပ်တန်းအသင်းတွေဖြစ်ပြီး ပထမဆုံးအကြိမ် ချန်ပီယံဖြစ်ပါလိမ့်မယ်”လို့ ဆက်ဂ်ညာက ပြောကြားခဲ့ပါတယ်။
၂ သင်းစလုံးဟာ ဖိုင်နယ်ကို ကိုယ်စီတက်ရောက်နိုင်ခဲ့ကြပေမယ့် ဆုဖလားနဲ့ လွဲချော်ခဲ့ကြတာဖြစ်ပါတယ်။ ပီအက်စ်ဂျီက ၂၀၁၉ - ၂၀ ရာသီတုန်းက တက်ရောက်နိုင်ခဲ့ပေမယ့် ဘိုင်ယန်ကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဂွါဒီယိုလာရဲ့စီးတီးက ဖိုင်နယ်မှာ ချဲလ်ဆီးကို အရေးနိမ့်ခဲ့ပါတယ်။ “သူတို့ လုပ်ပြပါလိမ့်မယ်။ ဘယ်အချိန်လဲဆိုတာ ကျွန်တော် သေချာမသိပေမယ့် သူတို့ လုပ်ပြပါလိမ့်မယ်။ သူတို့မှာ အပိုဖိအားတွေရှိနေပါတယ်။ ဘာလို့လဲဆိုတော့ ဖိုင်နယ်ရောက်တိုင်း အဲ့တာက ပွဲအကြောင်းမဟုတ်ပါဘူး။ လူတိုင်းက ဂွါဒီယိုလာဖိအားတွေဝင်တဲ့အကြောင်း ပြောကြပါတယ်။ သူတို့အနိုင်မရတဲ့အချိန်တိုင်း လူတိုင်းက ငွေအကြောင်းပြောပါတယ်။ အဲ့တာက မမျှတပါဘူး။ ကွင်းထဲကအရာကိုပဲ အာရုံစိုက်သင့်ပါတယ်။ ရင်းနှီးမြုပ်နှံမှုကို အာရုံမစိုက်သင့်ပါဘူး။ ဂွါဒီယိုလာက ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ကိုအသင်းတော်တော်များများနဲ့ တက်ရောက်ထားနိုင်ပါတယ်။ အဆုံးသတ်မှာ ဆုဖလားတစ်ခုခုယူထားနိုင်ပါတယ်”လို့ ဆက်ဂ်ညာက ပြောကြားခဲ့ပါတယ်။