အာဆင်နယ်ကနေ ထွက်ခွာရတဲ့အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားလိုက်တဲ့ လီနို
9:11 AM, 8 September
အာဆင်နယ် ဂိုးသမားဟောင်း လီနိုဟာ အသင်းရဲ့ပေါ်လစီက သူ့ကို ထွက်ခွာစေခဲ့တာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဂျာမန်သားဟာ ၄ နှစ်ကြာကစားခဲ့တဲ့အသင်းထံကနေ အခုနွေရာသီမှာ စွန့်ခွာခဲ့ပြီး တန်းတက်ဖူလ်ဟမ် အသင်းကို ပေါင် ၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ လီနိုဟာ ပထမ ၃ ရာသီတုန်းက အာဆင်နယ်ရဲ့ အဓိကဂိုးသမား တစ်ဦးဖြစ်ခဲ့ပေမယ့် ရမ်စ်ဒေးလ်ရောက်လာပြီးနောက်မှာ နေရာပျောက်ခဲ့တာဖြစ်ပါတယ်။
အသက် ၃၀ အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပြိုင်ပွဲစုံ ၈ ပွဲသာ ပါဝင်ကစားခွင့်ရရှိထားပါတယ်။ အခုအပြောင်းအရွှေ့က လာမယ့်ကမ္ဘာ့ဖလားမှာ ဂျာမန်အသင်းအတွက် ပါဝင်ကစားပေးချင်တာကြောင့်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် လေဗာကူဆင် ဂိုးသမားဟောင်းက အာဆင်နယ်က ထွက်ခွာရတာဟာ စွမ်းဆောင်ရည်ထက် ပေါ်လစီကြောင့်ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
“ကျွန်တော်နားလည်လိုက်တာက စွမ်းဆောင်ရည်နဲ့ အရည်အချင်းကြောင့် မဟုတ်ဘူးဆိုတာ နားလည်လိုက်ပါတယ်။ ကျွန်တော် ထွက်ခွာရမယ်ဆိုတာ သိခဲ့ပါတယ်။ ပြင်ဆင်မှုတွေက စွမ်းဆောင်ရည်ကြောင့်မဟုတ်ပဲ ပေါ်လစီကြောင့်ပါ။ အဲ့တာကို ရှင်းရှင်းလင်းလင်းသိလိုက်ရချိန်မှာ ကျွန်တော်ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပါတယ်”လို့ လီနိုက ပြောကြားခဲ့ပါတယ်။
လီနိုဟာ ဖူလ်ဟမ်ကိုပြောင်းပြီးနောက် ၄ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ပါတယ်။ “ကျွန်တော် ဒီကိုရောက်လာလို့ အရမ်းကောင်းတဲ့ခံစားချက်မျိုးရပါတယ်။ အသင်းနဲ့ ပူးပေါင်းဖို့ မစောင့်နိုင်အောင်ဖြစ်နေပါပြီ”လို့ လီနိုက ပြောကြားခဲ့ပါတယ်။