ရှေ့သို့
Image

ဆဲလ်တစ်နဲ့ ရင်ဆိုင်ရတဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိသွားတဲ့ ရီးရဲလ်တိုက်စစ်မှူး ဘန်ဇီးမား

4:30 PM, 7 September

ဒီနေ့မနက်ပိုင်း၊ ဂလပ်စကိုမြို့မှာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်က ဆဲလ်တစ်ကို သုံးဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိကတိုက်စစ်မှူး ဘန်ဇီးမားဟာ ဒူးဒဏ်ရာရရှိခဲ့တာကြောင့် လူစားလဲလှယ်ခဲ့ရပါတယ်။

ပွဲချိန်မိနစ် ၃၀ ခန့်မှာ ဘန်ဇီးမားက ဘောလုံးနှင့်အတူ ပြေးလွှားနေစဉ် လဲကျခဲ့ပြီးနောက် သူရဲ့ညာဘက်ဒူးခေါင်းကို လက်နဲ့ ကိုင်ထားခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပဲ နည်းပြအန်ဆယ်လော့တီက အီဒင်ဟာဇက်နဲ့ ဘန်ဇီးမားကို လူစားလဲလှယ်ခဲ့ပြီး ဘန်ဇီးမားဟာ မျက်နှာကို လက်နဲ့အုပ်ပြီး ဖြေဖြေးချင်း ကွင်းတွင်းမှ ထွက်ခွာလာတာကို တွေ့ခဲ့ရပါတယ်။

ပွဲစဉ်ပြီးဆုံးချိန်မှာ ဘန်ဇီးမားရဲ့ ဒဏ်ရာပြဿနာနဲ့ပတ်သက်လို့ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက “ပထမအကြိမ်စမ်းသပ်ခဲ့တုန်းကတော့ သူ့ရဲ့ဒဏ်ရာအခြေအနေက သိပ်ပြင်းထန်ပုံ မပေါ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ မနက်ဖြန်မှာ ထပ်လုပ်မယ့် ဆေးစစ်ချက်တွေကို စောင့်ဆိုင်းရပါဦးမယ်။ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဘန်ဇီးမားက ချန်ပီယံလိဂ်နဲ့ လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းအတွက် အဓိကကစားသမားအဖြစ် ခြေစွမ်းပြသခဲ့ပြီး ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ရွှေဖိနပ်ဆုနဲ့ လာလီဂါဂိုးသွင်းဘုရင်ဆု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဆဲလ်တစ်နဲ့ပွဲစဉ်မှာ ဘန်ဇီးမားအစား လူစားဝင်လာတဲ့ အီဒင်ဟာဇက်က မက်ဒရစ်အခြေစိုက်ကလပ်အတွက် သွင်းဂိုးတစ်ဂိုး ရယူပေးခဲ့သလို အသင်းနဲ့လည်း အံဝင်အောင် ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

#ရီးရဲလ်မက်ဒရစ် #ဘန်ဇီးမား #ချန်ပီယံလိဂ် #ဆဲလ်တစ်