ရှေ့သို့
Image

ဝက်စ်ဟမ်းကို အနိုင်ရရှိတဲ့ပွဲမှာ Fake injury လုပ်ခဲ့တဲ့ မန်ဒီကို ဝေဖန်လိုက်တဲ့ ဒေးဗစ်ဆီးမန်း

3:20 PM, 7 September

စနေနေ့က ဝက်စ်ဟမ်းအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဒဏ်ရာအတုပုံစံလုပ်ခဲ့တဲ့ ချဲလ်ဆီးဂိုးသမား မန်ဒီကို အာဆင်နယ် ဂန္ထဝင်ဂိုးသမားဟောင်း ဆီးမန်းက ဝေဖန်လိုက်ပါတယ်။

ချဲလ်ဆီးအသင်းဟာ အိမ်ကွင်းမှာ ၂-၁ ဂိုးနဲ့ ဝက်စ်ဟမ်းကို အနိုင်ရရှိခဲ့ပေမယ့် မိနစ် ၉၀ မှာ ချေပဂိုးပြန်ပေးလိုက်ရတာဖြစ်ပါတယ်။ မန်ဒီဟာ ဘိုဝင်ရဲ့ဖိအားပေးမှုကြောင့် ဟန်ချက်ပျက်ခဲ့ပြီး ကော်နက်တ်က ဝက်စ်ဟမ်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒါပေမယ့် VAR ပြန်ကြည့်ချိန်မှာ ဘိုဝင်တစ်ယောက် မန်ဒီကို ကျော်ဖြတ်ချိန် ထိခိုက်မှုရှိခဲ့တာဖြစ်ပြီး အဆိုပါဖြစ်ရပ်ကို ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ VAR ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အာဆင်နယ်ဂိုးသမားဟောင်းက ဆီနီဂေါသား မန်ဒီဟာ ဒဏ်ရာအတုလုပ်ဆောင်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

“သူ (မန်ဒီ)တစ်ယောက် ဘောလုံးကိုရှင်းရှင်းလင်းလင်းမမြင်ရတာ မြင်နိုင်ပါတယ်။ သူတားဖို့ပြေးထွက်သွားချိန်မှာ လက်မောင်း  ဒါမှမဟုတ် ပခုံးနဲ့ထိမိနိုင်ပါတယ်။ အခုဖြစ်တဲ့ဖြစ်ရပ်က အရမ်းပျော့တယ်လို့ ထင်ပါတယ်။ သူတားဖို့ပြေးလာချိန်မှာ ဘိုဝင်ရဲ့ခြေထောက်နဲ့က ထိတောင်မထိပါဘူး။ အဲ့တာကို သူက ဒဏ်ရာရချင်ယောင်ဆောင်ခဲ့ပါတယ်။ တကယ့်ကို ဆိုးဝါးတဲ့ဆုံးဖြတ်ချက်ပါ။ အဲ့တာက ထိတ်လန့်ဖွယ်ရာပါ”လို့ ဆီးမန်းက ပြောကြားခဲ့ပါတယ်။

အခုအပတ်မှာ ဒိုင်တွေရဲ့ဆုံးဖြတ်ချက်တွေက ဆိုးဝါခဲ့ပြီး နယူးကာဆယ် ၊ ဗီလာနဲ့ အာဆင်နယ်အသင်းရဲ့ ဂိုးတွေကိုလည်း ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။

#အာဆင်နယ် #ဝက်စ်ဟမ်း #မန်ဒီ #ဒေးဗစ်ဆီးမန်း #ပရီးမီးယားလိဂ်