ရှေ့သို့
Image

ဂိုးပြတ်ရှုံးအပြီး ကွင်းလယ်ဒိုင်က ပြိုင်ဘက် ကစားကွက်အတွက် ပြီးပြည့်စုံတဲ့ သူလို့ ခနဲ့လိုက်တဲ့ မော်ရင်ဟို

3:13 PM, 5 September

မနေ့ညပိုင်း၊ အူဒီးနီးစ်ကို အဝေးကွင်းမှာ လေးဂိုးပြတ် ရှုံးနိမ့်ပြီးနောက် ရိုးမားနည်းပြ မော်ရင်ဟိုက သူရဲ့တိုက်စစ်မှူး ပေါ်လိုဒိုင်ဘားလားမှာ ယခုပွဲစဉ်ရဲ့အကောင်းဆုံး ကစားသမားလို့ ထုတ်ပြောလိုက်ပြီး ကွင်းလယ်ဒိုင် မာရက်စ်ကာမှာလည်း အိမ်ရှင်အူဒီးနီးစ်ရဲ့ ကစားပုံအတွက် ပြီးပြည့်စုံတဲ့သူလို့ ခနဲ့တဲ့တဲ့ပြောဆိုလိုက်ပါတယ်။


ရိုးမားအတွက် ဂိုးပြတ် ရှုံးပွဲ တစ်ပွဲ ဖြစ်ခဲ့ပေမယ့် ဘောလုံးပိုင်ဆိုင်မှု ၅၆.၉ ရာခိုင်နှုန်းရှိခဲ့သလို အိမ်ရှင်အူဒီးနီးစ်ထက်လည်း ဂိုးကန်သွင်းခွင့် ပိုမိုရရှိခဲ့တာပါ။ မော်ရင်ဟိုကတော့ ခံစစ်ပိုင်းအမှားတွေက ဒီလိုရှုံးပွဲကို ဖြစ်ပေါ်စေခဲ့တယ်လို့ ယုံကြည်နေပါတယ်။ မော်ရင်ဟိုက “ ဒီနေ့ ကျွန်တော်တို့ ကံမကောင်းခဲ့ဘူး။ ကျွန်တော်တို့ဟာ ပွဲကို အဆုံးအဖြတ် ဖြစ်စေမယ့် သွင်းဂိုး နှစ်ဂိုး ခွင့်ပြုပေးခဲ့ရတယ်။ 


ကျွန်တော်ကတော့ ကံဆိုးတဲ့အကြောင်းပဲ ပြောနေမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒိုင်ဘားလား ဖန်တီးပေးတဲ့ အခွင့်အရေးတွေနဲ့ အတူ ကျွန်တော်တို့က ပွဲကို အားကောင်းကောင်း စတင်နိုင်ခဲ့လို့ပါ။ ကျွန်တော့်အတွက်တော့ ဒိုင်ဘားလားက ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားပါ။ လေးဂိုးပြတ် ရှုံးခဲ့တဲ့ပွဲအပြီးမှာ ကျွန်တော်ဒီလိုပြောလို့ လူအချို့က ရယ်ကောင်းရယ်နိုင်ပါတယ်။ ဒါပေမယ့် ဒိုင်ဘားလားက စွမ်းဆောင်ရည်ကောင်းတွေ၊ စရိုက် လက္ခဏာကောင်းတွေ ပြသနိုင်ခဲ့သူပါ။ 


အူဒီးနီးစ်က ပွဲကို ဦးဆောင်သွားချိန်မှာ သူတို့က အရာရာတိုင်းမှာ အရမ်းကောင်းနေတယ်ဆိုတာ ကစားသမားတွေကို ကျွန်တော်ပြောပြခဲ့ပါတယ်။ သူတို့ရဲ့ ခံစစ်ကစားပုံ၊ ပွဲကိုအချိန်ကိုက်ကစားနိုင်တာ၊ တန်ပြန် တိုက်စစ်ကစားပုံနဲ့ ဘောကောက် ကလေးငယ်တွေကို သင်ကြားပေးထားတာတွေရောပေါ့။ နောက်ဆုံး အရည်အချင်း တစ်ခုကတော့ ကျွန်တော်တို့မှာ မရှိဘူး။


ပြိုင်ဘက်အတွက်တော့ ပြီးပြည့်စုံပွဲစဉ်တစ်ခု၊ ထိုက်တန်တဲ့ နိုင်ပွဲတစ်ခုဖြစ်သလို ကျွန်တော်တို့အတွက်တော့ ခက်ခဲခဲ့ပါတယ်။ တစ်ဂိုးဂိုးမရှိနဲ့ လေးပွဲရှုံးတာထက်စာရင် လေးဂိုးပြတ် တစ်ပွဲတည်း ရှုံးတာကို ကျွန်တော် ပိုကြိုက်ပါတယ်” လို့ ပြောဆိုခဲ့တာပါ။ ဆက်လက်ပြီး ကွင်းလယ်ဒိုင်မာရက်စ်ကာရဲ့ ပွဲစဉ်ကိုင်တွယ်ပုံက ကြံ့ခိုင်မှုပိုင်း အသားပေးကစားတဲ့ အိမ်ရှင်အူဒီးနီးစ်နဲ့ ကိုက်ညီနေတယ်လို့ မော်ရင်ဟိုက သူရဲ့ဝသီအတိုင်း ခနဲ့တဲ့တဲ့ ဆက်ပြောလာခဲ့ပြန်ပါတယ်။ 


“ လေးဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးချိန်မှာ ဒိုင်လူကြီးတွေ အကြောင်း ပြောဖို့ဆိုတာက ရူူးမိုက်ရာကျပါတယ်။ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့တာ ဒိုင်လူကြီးကြောင့် ပြောမယ်ဆိုရင် မျှတမှုရှိမှာ မဟုတ်ဘူးလို့ ယူဆပါတယ်။ ကျွန်တော်တို့ အမှားတွေအတွက် ကျွန်တော်တို့ ပေးဆပ်ခဲ့ရတာပါ။ ရုပ်ပိုင်းဆိုင်ရာ အားပြုကစားတဲ့ ဒီလိုပွဲစဉ်မျိုးမှာ ခင်ဗျားကို ကျွန်တော်က ပုန်းနေခိုင်းလို့မရဘူး။ ပွဲစဉ်ရဲ့ ပထမဆုံး အဝါကတ်က ဒီပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမား(ဒိုင်ဘားလား)ကို ပြသခဲ့တယ်။ ဒါက နည်းနည်းလေး ရှေ့နောက်မညီ ဖြစ်နေတာပေါ့။


ကျွန်တော့်ရဲ့ မူဝါဒတွေကတော့ အမြဲတမ်း အတူတူပါပဲ။ ပွဲမစတင်ခင်မှာ ဒိုင်လူကြီးအကြောင်း ပြောမှာမဟုတ်ဘူး။ ပွဲပြီးခဲ့ရင်တော့ ကျွန်တော့်ရဲ့ ခံစားချက် မကောင်းဘူးဆိုတာ သူ့ကို ကျွန်တော် ပြောနိုင်ပါတယ်။ ဒါပေမယ့် သူဖြစ်နေတာကို ကျွန်တော်တို့ မြင်လိုက်ရချိန်မှာ သူ့က ပြိုင်ဘက် အူဒီးနီးစ် ကစားပုံအတွက် ပြီးပြည့်စုံတဲ့သူဆိုတာကို ကျွန်တော်တို့ သိလိုက်ရပါတယ်။


ဒါပေမယ့် ကျွန်တော်တို့က ဒိုင်လူကြီးကြောင့် ပွဲကို ရှုံးနိမ့်ခဲ့တာ မဟုတ်ပါဘူး။ ဒိုင်လူကြီးက ဆိုးရွားတဲ့ပွဲစဉ်တစ်ပွဲကို မကစားခဲ့ရပါဘူး။ သူ့ရဲ့အဆင့်နဲ့ ကိုက်ညီတဲ့ ပွဲစဉ်တစ်ပွဲကို ကြီးကြပ်ခဲ့တာပါ”လို့ မော်ရင်ဟိုက ဆက်ပြောပါတယ်။

#စီးရီးအေ #ရိုးမား #မော်ရင်ဟို #ဒိုင်ဘားလား