ရှေ့သို့
Image

အဲရစ်တန်ဟတ်ရဲ့ ထိန်းကျောင်းမှုအောက်မှာ အဝတ်လဲခန်းအတွင်း၌ ကစားသမားတွေရဲ့ စည်းလုံးမှုက ပိုမိုတိုးတက်လာပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်တဲ့ အဲရစ်ဆင်

2:22 PM, 5 September

မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ယခုနှစ်အပြောင်းအရွှေ့ကာလအတွင်းမှာ ရောက်ရှိလာတဲ့ ဝါရင့်ဒိန်းမတ်ကွင်းလယ်ကစားသမား အဲရစ်ဆင်အနေက နည်းပြ အဲရစ်တန်ဟတ်ရဲ့ လမ်းညွှန်းထိန်းကျောင်းမှု အောက်မှာ ယူနိုက်တက်ကစားသမား တွေရဲ့အကြားမှာ စည်းလုံးမှု ပိုမိုတိုးတက်လာပြီ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက ပြီးခဲ့တဲ့ တနင်္ဂနွေညမှာ အစဉ်အလာပြိုင်ဘက် အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ အေဂျက်စ်အသင်းကနေ လောလောလတ်လတ်ခေါ်ယူထားခဲ့တဲ့ ညာတောင်ပံတိုက်စစ်ကစားသမား အန်တိုနီရဲ့ ပွဲဦးထွက်ဂိုး၊ မားကပ်ရက်ရှ်ဖို့ဒ်ရဲ့ ကောင်းမွန်သေသပ်တဲ့ အဆုံးသတ်တွေနဲ့အတူ ရရှိခဲ့တဲ့ သွင်ဂိုးနှစ်ဂိုး တို့ဖြင့် အနိုင်ရယူနိုင်ခဲ့ကာ ၂၀၂၁ ဧပြီလ နောက်ပိုင်း ပထမဆုံးအကြိမ်အနေဖြင့် ၄ပွဲဆက်နိုင်ပွဲ ရရှိအောင် စွမ်းဆောင် ပြနိုင်ခဲ့ပါတယ်။

မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ ဒုတိယမြောက်သွင်းဂိုးကို ဖန်တီးပေးနိုင်ပေးနိုင်ခဲ့တဲ့ ဝါရင့်ကွင်းလယ်ကစားသမား အဲရစ်ဆင်ကလည်း အာဆင်နယ်အသင်းကို အို့ထရက်ဖို့ဒ်ကွင်းအတွင်းမှာ ၃ဂိုး - ၁ဂိုးဖြင့် အနိုင်ရယူနိုင်ခဲ့တဲ့ ပွဲစဉ်အတွင်း အခွင့်အရေးကောင်းဖန်တီးနိုင်မှု ၃ကြိမ်၊ ဘောလုံးထိချက် ၅၆ကြိမ်၊ ပြိုင်ဘက်ဂိုးဧရိယာအတွင်း ဘောလုံးပေးပို့နိုင်မှု ၁၆ကြိမ်တို့ဖြင့် ကွင်းလယ်ကစားသမား တစ်ယောက်အတွက် ထိပ်တန်းစွမ်းဆောင်ရည် ကောင်းတွေကို ပြသသွားနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းက အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ အနိုင်ရယူနိုင်ခဲ့ပြီးတဲ့နောက် ပရီးမီးယားလိဂ်ရာသီ အဖွင့်ပွဲစဉ်တွေမှာ ပုံစံကောင်းပြသနိုင်ခဲ့ခြင်းမရှိဘဲ ဘရိုက်တန်အသင်းနဲ့ ဘရန့်ဖို့ဒ်အသင်းတို့ကို ၂ပွဲဆက် အရေးနိမ့်ခဲ့ရပြီးနောက်ပိုင်းမှာ ၄ပွဲဆက်နိုင်ပွဲ ရရှိအောင် ပြန်လည်စွမ်းဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ အဝတ်လဲအခန်းအတွင်းက အခြေအနေနဲ့ ပတ်သက်လို့ ဝါရင့်ကွင်းလယ်တိုက်စစ်ကစားသမား အဲရစ်ဆင်က“ပထမဆုံးရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်နှစ်ပွဲနောက်ပိုင်း ကစားပုံက သိသိသာသာ ပြောင်းလဲ လာခဲ့ပါပြီ။ နည်းပြ တန်ဟတ်ကိုယ်တိုင်ကလည်း ဆိုးရွားတဲ့ ရာသီအဖွင့်ပွဲစဉ် တွေကို ကြုံတွေ့ခဲ့ရပြီး ဘယ်ကစားသမားကိုမှ အသင်းလိုက်လေ့ကျင့်မှုတွေမှာ အချိန်မလေးစားတာမျိုး အဖြစ်မခံတော့ပါဘူး” “နည်းပြရဲ့ထိန်းကျောင်းမှုအောက်မှာ အခုဆို ကစားသမားအားလုံးကလည်း အဝတ်လဲခန်းအတွင်းမှာ တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှု အပြည့်ဖြစ်နေပါပြီ” “နှစ်ဖက်အသင်းစလုံးက ကစားပုံကောင်းခဲ့ကြပြီး ထွက်ပေါ်လာတဲ့ရလဒ်က ကျွန်တော်တို့အသင်း အတွက် ချိုမြိန်စေခဲ့ပါတယ်”လို့ အာဆင်နယ် အသင်းကို အနိုင်ရခဲ့အပြီးမှာ ထုတ်ဖော်ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒိန်းမတ် #အဲရစ်ဆင် #တန်ဟတ် #ပရီးမီးယားလိဂ်