ယူနိုက်တက်အသင်းက အာဆင်နယ်အသင်းကို အနိုင်ရခဲ့အပြီး အာတီတာရဲ့ ဆင်ခြေပေးချေမှုအပေါ် ယုတ္တိမတန်ဘူးလို့ ဆိုလိုက်တဲ့ ရွိုင်ကိန်း
11:39 AM, 5 September
မန်ချက်စတာယူနိုက်တက်အသင်းက တနင်္ဂနွေနေ့ညမှာ သမိုင်းတစ်လျှောက်အစဉ်အလာပြိုင်ဘက်ကောင်း အသင်း တစ်သင်းဖြစ်တဲ့ အာဆင်နယ်အသင်းကို အိမ်ကွင်း အို့ထရက်ဖို့ဒ်အတွင်း၌ ၃ဂိုး - ၁ဂိုး အနိုင်ရယူနိုင်ခဲ့တဲ့ ပွဲစဉ်အပြီး နည်းပြအာတီတာရဲ့ အဆင်ခြေပေး ညည်းညူပြောဆိုမှုအပေါ် ယူနိုက်တက်အသင်းရဲ့ ဂန္ဓဝင်ကစားသမား တစ်ဦးဖြစ်တဲ့ ရွိုင်းကိန်းက အဓိပ္ပါယ်မဲ့ တဲ့အကြောင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းက တိုက်စစ်ကစားသမားတွေဖြစ်တဲ့ အန်တိုနီ (၁ဂိုး)၊ မားကပ်စ်ရက်ရှ်ဖို့ဒ် (၂ဂိုး) တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ပြိုင်ဘက် အမှတ်ပေးဇယားအဆင့် ၁ နေရာက အာဆင်နယ်အသင်းကို အနိုင်ရယူနိုင်လိုက်အပြီးမှာ ပရီးမီးယားလိဂ်၄ပွဲဆက် အနိုင်ရလဒ်ကို ဖော်ဆောင်ထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဘရိုက်တန်အသင်း နဲ့ ဘရက်ဖို့ဒ်အသင်းတို့ကို စိတ်ပျက်ဖွယ် အရှက်တကွဲရှုံးနိမ့်ခဲ့ရတဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တွေအပြီးမှာတော့ နည်းပြ အဲရစ်တန်ဟတ်ရဲ့ ယူနိုက်တက်အသင်းက ပုံစံကောင်းအချို့ကို ပြသနိုင်ခဲ့ပြီး လီဗာပူးနဲ့ အာဆင်နယ်အပါအဝင် ၄ပွဲဆက် အနိုင်ရရှိထားခဲ့ပြီလည်း ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်အပြီးမှာ အာဆင်နယ်နည်းပြ အာတီတာနေဖြင့် ယူနိုက်တက်အသင်းရဲ့ နိုင်ပွဲအပေါ် လေးစားသမှုလျော့နည်းတဲ့ စကားလုံးအသုံအနှုန်းတွေအပေါ် ရွိုင်ကိန်းက စိတ်ပျက်ရကြောင်း ပြောဆိုလိုက်တာပါ။
ယူနိုက်တက်အသင်းရဲ့ ဂန္ဓဝင် ကစားသမားဖြစ်တဲ့ ရွိုင်ကိန်းက အာဆင်နယ်နည်းပြ အာတီတာရဲ့ ရှုံးပွဲနဲ့ ပက်သက်ပြီး ဆင်ခြေပေးနေမှုအပေါ် “အဝေးကွင်းအသင်းဘက်က ရှုံးနိမ့်ပြီးတဲ့နောက် ဆင်ခြေပေးပြောဆိုနေမှုတွေအပေါ် ကျွန်တော့အနေဖြင့် နှစ်သက်မှုမရှိပါဘူး။ အတော်လေးကို စိတ်ပျက်မိတာပါ” “ရှုံးပွဲကြုံတွေ့လိုက်တာနဲ့ အကြောင်းပြချက်ရှာပြီး အပြစ်မြင်နေတာမျိုးတွေကို ရပ်တန့်လိုက်သင့်နေပါပြီ။ ပြိုင်ဘက်အပေါ် လေးစားသမှုရှိရှိနဲ့ အကောင်းမြင်ပေးနိုင်ဖို့ လိုအပ်တာကြောင့် ဂုဏ်ပြုပေးတတ်တဲ့ စိတ်ထားမျိုးလည်း ရှိဖို့လိုပါတယ်” လို့Sky Sport သတင်းဌာနမှတစ်ဆင့် ဝေဖန်ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။