ရှေ့သို့
Image

ယူနိုက်တက်ထရိန်နင်ကွင်းရဲ့ စီနီယာအဝတ်လဲခန်းထဲမှာ နေရာမရှိတော့တဲ့ ဖီးလ်ဂျုံးစ်

6:24 PM, 4 September

မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဖီးလ်ဂျုံးစ်ဟာ ယူနိုက်တက်စီနီယာအသင်းရဲ့ လေ့ကျင့်ရေးကွင်းအဝတ်လဲခန်းထဲက ဖယ်ရှားခံလိုက်ရတယ်လို့ သိရပါတယ်။ အဓိကအကြောင်းအရင်းကတော့ နွေရာသီမှာ ခေါ်ယူထားတဲ့ ကစားသမားသစ်တွေအတွက် နည်းပြအဲရစ်တန်ဟတ်က နေရာပေးခဲ့တာကြောင့် ခုလိုဖြစ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ 

ကာရင်တန်လေ့ကျင့်ရေးမှာ ယူနိုက်တက်ပထမအသင်းရဲ့ အသုံးအဆောင်နဲ့ အဝတ်လဲခန်းနေရာတွေကို ကစားသမား ၂၄ ယောက်စာပဲ လုပ်ထားတာကြောင့် နွေရာသီအပြောင်းအရွှေ့မှာ ရောက်လာတဲ့ ကစားသမားတွေပေါင်းလိုက်ရင် သတ်မှတ်ဦးရေကို ကျော်လွန်နေပါတယ်။ အဲ့ဒါကြောင့် အသင်းမှာ ကစားခွင့်မရတော့တဲ့ ဂျုံးစ်ရဲ့နေရာကို ယူနိုက်တက်က ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ တတိယဦးစားပေး ဘယ်နောက်ခံလူ ဘရန်ဒန်ဝီလီယံ၊ အသက် ၂၀ အရွယ် တီဒန်မန်ဂီနဲ့ နောက်ထပ်ခံစစ်မှူးတစ်ဦးဖြစ်တဲ့ အက်စဲလ်တွမ်ဇီဘီတို့ဟာလည်း စီနီယာအဝတ်လဲခန်းထဲကနေ ဖယ်ရှားခံခဲ့ရပြီး ယူ ၂၃ အသင်းရဲ့ အဝတ်လဲခန်းမှာသာ နေရာရွှေ့ပြောင်းခဲ့ကြရတယ်လို့ The Sun ကဖော်ပြခဲ့ပါတယ်။ 

အေဂျက်စ်နည်းပြဟောင်းဟာ ဧပြီလမှာ နည်းပြသစ်အဖြစ် ရောက်ရှိလာခဲ့ပြီးနောက် နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ် ၆ ယောက်ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ခရစ္စတီယန်အဲရစ်ဆင်၊ ကတ်စ်မဲရိုး၊ မာတင်ဒူဘရက်ဗ်ကာ၊ တိုင်ရယ်မာလာစီယာ၊ အန်တိုနီနဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့အတွက် ကာရင်တန်မှာ နေရာလွတ်တွေ လိုအပ်လာခဲ့ပါတယ်။ အသက် ၃၀ အရွယ်ရှိ ဂျုံးစ်ဟာ နည်းပြတန်ဟတ်ရဲ့ အစီအစဉ်တွေမှာ ပါဝင်ခြင်းမရှိသလို ယခင်နှစ်တွေမှာကတည်းက အသင်းလူစာရင်းထဲမှာတောင် ရှိမနေခဲ့တာပါ။ 

အခုဆိုရင် ဂျုံးစ်ဟာ ယူ ၂၃ အသင်းနဲ့သာ ထရိန်နင်ဆင်းနေရသလို သူ့ရဲ့ကစားသမားဘဝကလည်း ဆက်လက်ရုန်းကန်နေရပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟောင်းဟာ ပြီးခဲ့တဲ့ ၄ ရာသီအတွင်း မန်ချက်စတာယူနိုက်တက်အတွက် ၁၃ ပွဲသာ ကစားနိုင်ခဲ့ပါတယ်။ ယနေ့ညမှာတော့ ယူနိုက်တက်ဟာ အာဆင်နယ်နဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ရင်ဆိုင်ကစားသွားမှာလည်း ဖြစ်ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #ဖီးလ်ဂျုံးစ် #တန်ဟတ်