၇ နှစ်ကြာ ကစားခဲ့တဲ့ ဆောက်သမ်တန်ကို စွန့်ခွာပြီး လာလီဂါတန်းတက် ဂျီရိုနာကို ပြောင်းသွားတဲ့ ရိုမီယူ
11:31 AM, 2 September
ဆောက်သမ်တန်ကွင်းလယ်လူ ရိုမီယူတစ်ယောက် ၇ နှစ်ကြာ ကစားခဲ့တဲ့ အသင်းကို စွန့်ခွာပြီး တန်းတက် ဂျီရိုနာအသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။
စပိန်သားဟာ စိန့်တို့အတွက် ပြိုင်ပွဲစုံ ၂၅၆ ပွဲ အထိ ပါဝင်ကစားပေးခဲ့ပြီး ၂၀၁၅ တုန်းက ချဲလ်ဆီးကနေ ပြောင်းလာခဲ့တာဖြစ်ကာ ၈ ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဆောက်သမ်တန်အသင်း သမိုင်းတစ်လျှောက် ပွဲအများဆုံး ကစားသမားအဖြစ် ရိုမီယူက ၆ ဦးမြောက် ကစားသမားဖြစ်လာခဲ့ပါတယ်။
“ရိုမီယူတစ်ယောက် အသင်းသစ်မှာ အဆင်ပြေပါစေလို့ ဆောက်သမ်တန်ကလူတိုင်းက ဆုတောင်းပေးလိုက်ပါတယ်။ အသင်းမှာ ကစားခဲ့တဲ့အချိန်အတွင်း အကောင်းဆုံးပေးဆပ်ကစားပေးခဲ့တဲ့ သူ့ကို ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”လို့ ဆောက်သမ်တန်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အသက် ၃၀ အရွယ်ကစားသမားကလည်း “ဒီလိုဖြစ်လာခဲ့တဲ့အတွက် ကျွန်တော် ဝမ်းနည်းမိပါတယ်”လို့ တွစ်တာမှာ တင်ခဲ့ပါတယ်။ ရိုမီယူဟာ ဆောက်သမ်တန်ကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့ပေမယ့် တော့တင်ဟမ်ကို ၄-၁ နဲ့ အရေးနိမ့်ပြီးကတည်းက အသင်းအတွက် ပါဝင်ကစားပေးခြင်းမရှိတော့တာ ဖြစ်ပါတယ်။ နောက်ဆုံးပွဲအဖြစ်တော့ သြဂုတ်လ ၂၃ ရက်နေ့တုန်းက ကိန်းဘရစ်ချ်ကို ၃ ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပါဝင်ခဲ့ပါတယ်။
ဂျီရိုနာအသင်းက စပိန်သားကို ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး လက်ရှိအသင်းကို စီးတီးဘောလုံးအုပ်စုက ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဆောက်သမ်တန်ဟာ အပြောင်းအရွှေ့ဈေးကွက်မှာ ပီအက်စ်ဗွီစတား ဂတ်ပိုကို ခေါ်ယူဖို့ ချိတ်ဆက်နေပေမယ့် ဒတ်ချ်အသင်းဘက်က ရောင်းချလိုခြင်းမရှိတာဖြစ်ပါတယ်။