ရှေ့သို့
Image

အသင်းတိုက်စစ်ပိုင်းအတွက် ယူနိုက်တက် ကစားသမားဟောင်းကို ချဲလ်ဆီး ချိတ်ဆက်နေတယ်လို့ သတင်းထွက်ပေါ်

11:44 AM, 29 August

ပရီးမီးယားလိဂ်ထိပ်သီး ချဲလ်ဆီးက လူကာကူ၊ တီမိုဝါနာတို့ ထွက်ခွာသွားတဲ့ အသင်းရဲ့တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူး ဇာဟာကို ချိတ်ဆက်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

အခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ချဲလ်ဆီးက အသင်းတိုက်စစ်ပိုင်းအတွက် ဘာစီလိုနာတိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အပြောင်းအရွှေ့အတွက် ကစားသမားနဲ့ အနောက်လန်ဒန်ကလပ်တို့ အကြား ပုဂ္ဂိုလ်ရေးအချက်အလက်များညှိနှိုင်းဆွေးနွေးရာမှာ အခက်အခဲတွေ ရှိနေခဲ့ပြီး ဆွေးနွေးမှုတွေ ရပ်တန့်နေပါတယ်။ ချဲလ်ဆီးက ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူးကို တစ်နှစ်စာချုပ်ပဲပေးဖို့ ဆန္ဒရှိနေပေမယ့် အူဘာမီယန်းက စတမ်းဖို့ဘရစ်ချ်မှာ ၂၀၂၄ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်တစ်ရပ်ကို လိုလားနေတာပါ။

ဒါကြောင့် တူချယ်အနေနဲ့ အခုအပြောင်းအရွှေ့ရာသီမပိတ်သိမ်းမီ အူဘာမီယန်းကိုခေါ်ယူနိုင်ဖို့ တွန်းအားပေးနေခဲ့သလို ချဲလ်ဆီးအတွက် အူဘာမီယန်းအပြောင်းအရွှေ့မဖြစ်လာရင် ဖြစ်နိုင်ချေရှိတဲ့ အခြားအရန်ပစ်မှတ်တွေကိုလည်း ရှာဖွေထားပါတယ်။ The Guardian သတင်းစာရဲ့ ဖော်ပြမှုအရ ချဲလ်ဆီးအသင်းရဲ့ အရန်ပစ်မှတ်ထဲမှာ ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူး ဇာဟာလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ဇာဟာက ခရစ္စတယ်ပဲလေ့စ်နဲ့ စာချုပ်သက်တမ်းတစ်နှစ်သာကျန်ရှိတာကြောင့် ချဲလ်ဆီးဆီက သင့်လျော်တဲ့ငွေကြေးနှုန်းထားတစ်ရပ်နဲ့ ကမ်းလှမ်းလာမယ်ဆိုရင် အနောက်လန်ဒန်ကလပ်ဆီ ပြောင်းရွှေ့လာဖွယ် ရှိပါတယ်။ ၂၀၁၅ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်မှ ခရစ္စတယ်ပဲလေ့စ်သို့ ပြန်ပြောင်းရွှေ့လာတဲ့ အိုင်ဗရီကို့စ်လက်ရွေးစင်က အခုရာသီ ပက်ထရစ်ဗီအဲရာရဲ့အသင်းအတွက် ပရီးမီးယားလိဂ် ၃ ပွဲကစား၊ ၃ ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့စနေနေ့ ညပိုင်း မန်ချက်စတာစီးတီးနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်ကို တော့ ဇာဟာက ခြေထောက်ဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။

ချဲလ်ဆီးကတော့ အသင်းရဲ့တိုက်စစ်ပိုင်းမှာ  အထောင်တိုက်စစ်မှူးစစ်စစ်အဖြစ် ဘရိုဂျာတစ်ဦးသာ ကျန်ရှိနေတာကြောင့် အတွေ့အကြုံရှိတိုက်စစ်မှူးတစ်ဦးကို ရှာဖွေနေတာဖြစ်ပါတယ်။ အခုရာသီ ချဲလ်ဆီးရဲ့ ပွဲစဉ်တွေမှာ အသင်းရဲ့တိုက်စစ်ပိုင်းကို ကိုင်ဟားဗက်ဇ်၊ စတာလင်တို့ ဦးဆောင်ကစားစေခဲ့ပြီး ဇာဟာကို ခေါ်ယူနိုင်မယ်ဆိုရင် တိုက်စစ်ပိုင်းအင်အားမြင့်တက်လာမယ်ဆိုတာ သေချာနေပါတယ်။

တူချယ်အနေနဲ့ အဲဗာတန်တိုက်စစ်မှူး အန်တိုနီဂေါ်ဒန်ကို ခေါ်ယူဖို့ကိုလည်း တွန်းအားပေးနေပြီး အဲဗာတန်နည်းပြ ဖရန့်လမ်းပတ်ကတော့ သူရဲ့တိုက်စစ်မှူးကို အသင်းမှာဆက်ထိန်းထားဖို့ လိုလားနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဇာဟာ #ချဲလ်ဆီး #တူချယ် #ပရီးမီးယားလိဂ်