ရှေ့သို့
Image

အာဆင်နယ် အသင်းက အများကြီး ရင့်ကျက်လာပါပြီလို့ အာတီတာ ကြုံးဝါး

10:35 AM, 28 August

မီကယ် အာတီတာက အာဆင်နယ် အသင်းဟာ အများကြီး တိုးတက်ကာ ရင့်ကျက်လာပြီ ဖြစ်ကြောင်း ယမန်နေ့ည ဖူလ်ဟမ်နဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ဖူလ်ဟမ်က မီထရိုဗစ်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ အာဆင်နယ်က အိုဒီဂတ်၊ မာဂယ်ဟေးစ်တို့ရဲ့ ဂိုးတွေနဲ့အတူ ပြန်လည် အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။


အာဆင်နယ် အသင်းဟာ အဆိုပါ နိုင်ပွဲကြောင့် ပရီးမီးယားလိဂ် ဇယားထိပ်မှာ ဆက်လက် ရပ်တည်လျက် ရှိနေပါတယ်။ ပွဲအပြီးမှာ အာတီတာက “ကျွန်တော်တို့ အများကြီး တိုးတက်လာပြီး ရွေးချယ်စရာတွေ များလာပါတယ်။ ကျွန်တော်တို့ အများကြီး ရင့်ကျက်လာတယ်လို့လည်း ထင်ပါတယ်။ ပရိသတ်တွေက ယုံကြည်မှုနဲ့ အတူ အသင်းကို မောင်းနှင်ပေးလို့ သူတို့ရှေ့မှာ ကစားရတာက အထောက်အကူ ဖြစ်ပါတယ်”


“ဘောလုံးမှာ ယုံကြည်မှုတွေ ပါဝင်ပြီး ကျွန်တော်တို့ လုပ်နိုင်တယ်လို့ ယုံကြည်တဲ့ အတွက် အခုလို နိုင်ပွဲရခဲ့တာ ဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။ အာတီတာက ဖူလ်ဟမ်ရဲ့ အဖွင့်ဂိုးကို ခွင့်ပြုပေးရခြင်း အတွက် အဓိက တာဝန်ရှိတဲ့ မာဂယ်ဟေးစ်ကိုလည်း ခြေစွမ်းကို အစွမ်းကုန် ဖွင့်ထုတ်ပစ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ မီထရိုဗစ်ဟာ ယမန်နေ့ည ပွဲစဉ်မှာ ဖူလ်ဟမ်အတွက် ဂိုး၁၀၀ သွင်းဂိုး သွင်းယူခဲ့ပြီး နည်းပြ မာကို ဆေးလ်ဗားက ဆားဘီးယား တိုက်စစ်မှူး ထံကနေ ခြေစွမ်းကောင်းတွေ အများကြီးလာဖို့ရှိသေးကြောင်း ပြောခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #မာဂယ်ဟေးစ် #အိုဒီဂတ် #ပရီးမီးယားလိဂ်