ရှေ့သို့
Image

အေဂျက်စ်ကနေ ထွက်ခွာကာ ယူနိုက်တက်ကို ပြောင်းချင်ကြောင်း ဝန်ခံလာတဲ့ အန်တိုနီ

2:21 PM, 27 August

မန်ချက်စတာယူနိုက်တက်အသင်းက အပြောင်းအရွှေ့ကာလရဲ့ အစောပိုင်းမှာ ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ဖူးပေမဲ့ ဘာစီလိုနာကွင်းလယ် ကစားသမား ဒီဂျောင်ရဲ့ အပြောင်းအရွှေ့အပေါ် အာရုံစိုက်နေခဲ့တာ ကြောင့် အေဂျက်စ်တောင်ပံ ကစားသမား အန်တိုနီကို ခေါ်ယူဖို့နိုင်ဖို့ အရေး တက်ကြွစွာ လှုပ်ရှားခဲ့တာမျိုး မရှိခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တွေမှာ ဆိုးရွားတဲ့ ရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်မှာတော့ တိုက်စစ်ပိုင်းရဲ့ ဂိုးရဖို့ ရုန်းကန်နေခဲ့ရတဲ့အပြင် အဓိကအားထားရတဲ့ ဝါရင့်တိုက်စစ်ကစားသမား ရော်နယ်ဒိုရဲ့ အနာဂတ်ကပါ သေချာ ရေရာမှု မရှိသေးတာ‌ကြောင့် အပြောင်းအရွှေ့ပိတ်သိမ်းမယ့် စက်တင်ဘာလ ၁ရက်နေ့မတိုင်မီ တိုင်စစ်ကစားသမား တစ်ဦးကို အရခေါ်ယူနိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက အန်တိုနီကို ခေါ်ယူဖို့အတွက် ပြီးခဲ့တဲ့ သီတင်းပတ်မှာလည်း ပထမအကြိမ်အနေဖြင့် တရားဝင်ကမ်းလှမ်းခဲ့ဖူးပြီး အေဂျက်စ်အသင်းဘက်က ပယ်ချထားခဲ့ တာ ကြောင့် နောက်ထပ် တစ်ကြိမ် ပိုမိုများပြားတဲ့ ပမာဏဖြစ်တဲ့ ပေါင်၇၄သန်း နဲ့ပါ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမဲ့ အေဂျက်စ်အသင်းတာဝန်ရှိသူတွေက ထပ်မံ ပယ်ချသွားခဲ့တယ်လို့ Daily Mail သတင်းဌာနအပါအဝင် နာမည်ကျော် သတင်းထောက်အချို့ကပါ ဖော်ပြခဲ့ကြပါတယ်။

အသက် ၂၂နှစ်အရွယ် ဘရာဇီးကစားသမား ကလည်း ယူနိုက်တက်ကို ပြောင်းရွှေ့ကစားဖို့သာ ဆန္ဒရှိနေတာ ကြောင့် အေဂျက်စ်အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေမှာ လာရောက် ပူးပေါင်းသေးခြင်း မရှိတာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းက နောက်ထပ် အစားထိုးပစ်မှတ်အနေဖြင့် ချဲလ်ဆီးအသင်းရဲ့ တောင်ပံကစားသမား ပူလစ်ဆစ်ကို ခေါ်ယူဖို့ ရည်ရွယ်ထားပေမဲ့ အပြောင်းအရွှေ့က ပိုမို ရှုပ်ထွေးလာနိုင်ခြေ ရှိနေပါတယ်။

အန်တိုနီက"ဒီနှစ် ဖေဖော်ဝါရီလကတည်းက ကျွန်တော်အေးဂျင့်တွေ အမ်ဒစတာဒမ်ကို ရောက်လာပြီး ကျနော် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်လို့ အသင်းကထွက်ချင်တဲ့ဆိုတဲ့အကြောင်းကို သတင်းပို့ခဲ့ကြပါတယ်၊ ကလပ်အသင်းတချို့က ကျွန်တော်ကို စိတ်ဝင်စားနေခဲ့ပြီးတော့ ကမ်းလှမ်းမှုတွေလည်းရောက်လာခဲ့ပါတယ်၊ ကြီးကျယ်ခမ်းနားတဲ့ကမ်းလှမ်းမှုတခုလည်း သေချာပေါက်ပါဝင်ပါတယ်" "ဇွန်လမှာတော့ ကျွန်တော် အားလပ်ရက်ခရီးစဉ်ကိုဖျက်သိမ်းပြီး အေဂျက်စ်မန်နေဂျာတွေ၊ နည်းပြသစ်တွေနဲ့တွေ့ဆုံပြီး ကျွန်တော်ထွက်ချင်တယ်ဆိုတာကို ပြောခဲ့တယ်၊ သူတို့က ဖြစ်နိုင်သမျှစဉ်းစားပေးမယ်လို့ပြောတယ်၊ စျေးကွက်ထဲမှာလည်း ဆွေးနွေးမှုတွေဆက်လုပ်နေရပြီး အေဂျက်စ်က စာချုပ်သစ်အတွက် ကျွန်တော်ကိုကမ်းလှမ်းလာတယ်၊ ကျနော်ထွက်ချင်တယ်ဆိုတာကိုပဲ နောက်တခါထပ်ပြောခဲ့ပါတယ်"
"ဒီနေ့မှာ အသင်းနဲ့ ဆွေးနွေးခဲ့ပါသေးတယ်၊ အရင်တုန်းကလည်း ကျနော်ထွက်ခွာချင်တာတွေကို ပြသခဲ့ဖူးပါတယ်၊ ဒီ၁ကြိမ်တည်းမှာပဲ စားပွဲပေါ်က ကမ်းလှမ်းမှုတခုကို ကျနော်စိတ်ဝင်စားခဲ့တာပါ၊ တခြားကမ်းလှမ်းထားတာတွေလည်း ရှိနေပါတယ်၊ အေဂျက်စ်ကတော့ ကျနော့်နေရာအစားထိုးဖို့ ၅ ရက်ပဲလိုတော့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းဆိုခဲ့ပါတယ်"လို့ ပြောခဲ့ပါတယ်။

နည်းပြ အဲရစ်တန်ဟတ်ရဲ့ ယူနိုက်တက်အသင်းက ပရီးမီးယားလိဂ် ပွဲစဉ် (၄)အဖြစ် ယနေ့ညနေ ၆နာရီမှာ ဆောက်သမ်တန် အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားရဖို့ ရှိပေမဲ့ တိုက်စစ်ကစားသမား တစ်ဦးဖြစ်တဲ့ အန်တိုနီမာရှယ်ကတော့ ဒဏ်ရာပြဿနာအချို့ကြောင့် ထပ်မံလွဲချော် ဦးမှာလည်း ဖြစ် ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အေဂျက်စ် #အန်တိုနီ #အဲရစ်တန်ဟက်ချ် #ပရီးမီးယားလိဂ်