ရှေ့သို့
Image

အသက် ၂၆ နှစ်မှာတင် မီလီယံနာဖြစ်နေတဲ့ ဟာဇက်ရဲ့ ကန်တာခံခဲ့ရသူ ဘောကောက်လေး

3:46 PM, 26 August

၂၀၁၃ တုန်းက ဆွမ်ဆီးနဲ့ ချဲလ်ဆီးတို့ရဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ အချိန်ဆွဲဖို့အတွက် ဘောလုံးကို မပေးခဲ့လို့ ချဲလ်ဆီး ကြယ်ပွင့် အီဒင်ဟာဇက် ကန်တာကိုခံခဲ့ရတဲ့ ဘောကောက်ကလေးလေးကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အဲ့ဒီတုန်းက ကောင်လေးရဲ့ အသက်က ၁၇ နှစ်သာ ရှိပါသေးတယ်။ ဝေးလ်ကလပ်ရဲ့ ကွင်းဘေးမှာဘောကောက်တာဝန်ယူရခဲ့တဲ့ ပွဲမှာ ဆွမ်ဆီးက ချဲလ်ဆီးကို ၂-၀ နဲ့ အနိုင်ရရှိနေတာပါ။


ပွဲပြီးဖို့ကလည်း ၁၀ မိနစ်ခန့်ကျန်သေးတဲ့ အချိန်မှာ ချာလီက ဘောလုံးကိုကောက်ပြီးနောက် ဟာဇက်ကိုမပေးခဲ့ပဲ ပိုက်ထားခဲ့ပါတယ်။ အလျင်လိုနေတဲ့ ဟာဇက်က ကောင်လေးကို ခြေထောက်နဲ့ ကန်ပြီးဘောလုံးကို ပြန်လုခဲ့တာကြောင့် ကွင်းလယ်ဒိုင်က မလိုအပ်တဲ့ အကြမ်းဖက်မှု အဖြစ် သတ်မှတ်ကာ ဟာဇက်ကိုလည်း အနီကတ်ပြ ထုတ်ပယ်ခဲ့ပါတယ်။ 


ပွဲပြီးချိန်မှာတော့ ဆွမ်ဆီးက ချဲလ်ဆီးကို လိဂ်ဖလားကနေ ဖြုတ်ချနိုင်ခဲ့ပါတယ်။ ဆယ်စုနှစ် တစ်ခု အကြာမှာတော့ ၂၆ နှစ်အရွယ်ရှိ ချာလီမော်ဂန်ဟာ ဟာဇက်ကန်တာကိုခံခဲ့ရတဲ့ ဘောကောက်ကောင်လေးဆိုတဲ့ ဘဝနဲ့ တခြားစီ ဖြစ်လို့နေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ချာလီက အခုဆိုရင် ပေါင်သန်း ၄၀ တန်ဖိုးရှိတဲ့ Vodka ကုမ္ပဏီ တစ်ခုကို ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။ ဒီလုပ်ငန်းကို ၂၀၁၆ တုန်းက ကျောင်းနေဘက် သူငယ်ချင်း ဂျက်ဆန်ကွင်းနဲ့ အတူ တည်ထောင်ခဲ့တာ ဖြစ်ပြီး Au Vodka လို့ နာမည်ပေးထားပါတယ်။ 


၂၀၁၉ ဒီဇင်ဘာလောက်ကစပြီး ချာလီနဲ့ဂျက်ဆန်ရဲ့ ဘော့ကာကနာမည်ရလာခဲ့ပြီး အဓိက ထုတ်ကုန်ဖြစ်တဲ့ အမည်းရောင် စပျစ်သီးဘော့ကာက တစ်လကို ပုလင်းပေါင်း ၁၀၀၀၀ ကျော်ထိ ရောင်းချခဲ့ရပါတယ်။ ချာလီရဲ့ချမ်းသာ ကြယ်ဝမှုဟာ ၂၀၂၂ Sunday Times Rich List မှာပါ ဖော်ပြခြင်းခံခဲ့ရပါတယ်။ လူငယ် စီးပွားရေး လုပ်ငန်းရှင်လေးရဲ့ ဖခင်မာတင်မော်ဂန်က ဆွမ်ဆီး အသင်းရဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်သလို မော်ဂန်ဟော်တယ်ရဲ့ ပိုင်ရှင်လည်းဖြစ်ပါတယ်။ 


ဒါပေမယ့် ချာလီကတော့ ဖခင်ရဲ့အရိပ်အောက်မှာ သက်သောင့်သက်သာမနေပဲ သူ့ရဲ့ ကိုယ်ပိုင် လုပ်ငန်းကို တည်ထောင်ကာ သူ့ရဲ့ ထုတ်ကုန်တွေကိုလည်း နာမည်ကျော်တွေနဲ့ တွဲပြီး ကြော်ငြာခဲ့ပါတယ်။ ချာလီရဲ့ဘော့ကာအတွက် ကြော်ငြာ လုပ်ပေးခဲ့သူတွေထဲမှာဆိုရင် ဘရာဇီးဂန္တဝင်ကြီး ရော်နယ်ဒင်ဟို၊ အသင်းပိုင်ရှင်ဝိန်းလိုင်နီကာ၊ လက်ဝှေ့ဂန္တဝင် ဖလွိုက်မေဝဲသာတို့လို ထိပ်တန်းတွေ ပါဝင်ခဲ့ပါတယ်။ မေဝဲသာဆိုရင် ကုမ္ပဏီမှာတောင် ရှယ်ယာတစ်စိတ်တစ်ပိုင်း ပါဝင်နေသူဖြစ်ကြောင်း ချာလီကပြောခဲ့ဖူးပါတယ်။ 


ချာလီမော်ဂန်ရဲ့ လက်ရှိပိုင်ဆိုင်မှုက ပေါင်သန်း ၄၀ ကျော်ဖြစ်ပေမယ့် ဟာဇက်ရဲ့ ပိုင်ဆိုင်မှုကို လိုက်မီဖို့ကတော့ အဝေးကြီးလိုပါသေးတယ်။ ရီးရဲလ်မက်ဒရစ် တိုက်စစ် ကစားသမားရဲ့ လက်ရှိပိုင်ဆိုင်မှုက ပေါင် ၈၅ သန်းခန့်ဖြစ်ပြီး မော်ဂန်ကလည်း သူ့ရဲ့ အင်ပါယာကို ဆက်လက် ချဲ့ထွင်နေတာကြောင့် တစ်ချိန်က ရန်သူတော်ကြီးနဲ့ ပိုင်ဆိုင်မှုချင်း ပြိုင်ဆိုင်ဖို့ ကြိုးစားနေပုံပါပဲ။ 

#ချဲလ်ဆီး #ဟာဇက် #gossip #ဆွမ်ဆီး