ရှေ့သို့
Image

အို့ထရက်ဖို့ဒ်ကွင်းအတွင်းက မက်ဂွာရီရဲ့ အနာဂတ်ဟာ ကုန်ဆုံးသွားနိုင်ခြေရှိတဲ့ အကြောင်း ဝန်ခံစကားဆိုလိုက်တဲ့ အီဗရာ

3:28 PM, 26 August

မန်ချက်စတာယူနိုက်တက် အသင်းနဲ့အတူ ခမ်းနားတဲ့ အောင်မြင်မှု ဆုဖလားများစွာ ရယူပိုင်ဆိုင်ထားခဲ့ဖူးတဲ့ ဂန္ဓဝင်ကစားသမား ပက်ထရစ်အီဗရာက ယူနိုက်တက်အသင်းရဲ့ လက်ရှိအသင်းခေါင်းဆောင် မက်ဂွာရီအနေဖြင့် ယူနိုက်တက်အသင်းရဲ့ ပွဲထွက်ခွင့်နေရာ အတွက် အာမခံချက် ပျောက်ဆုံးလာခဲ့ပြီ ဖြစ်တဲ့အပြင် ဒီနှစ် အပြောင်းအရွှေ့ကာလ မပိတ်မှီမှာတောင် ရောင်းချ ခံသွားရဖွယ် ရှိတယ်လို့ ဝန်ခံကစား ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

လက်စတာစီးအသင်းကနေ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၅သန်း ပေးချေကာ နည်းပြ ဆိုးရှားလ်ရဲ့ ခေါ်ယူမှုနဲ့အတူ ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့တဲ့ ဟယ်ရီမက်ဂွာရီဟာ သူရောက်လာစ နေ့ရက်တွေမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့ပေမဲ့ နောက်ပိုင်း နှစ်တွေမှာတော့ ခြေစွမ်းကောင်း ပျောက်ဆုံးကာ ဝေဖန်ထိုးနက်မှုတွေကို ဆက်တိုက် ရင်ဆိုင်ခဲ့ရတာပါ။

နည်းပြအဲရစ်တန်ဟတ်ရဲ့ လက်အောက်မှာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆာင် ရာထူးကို ဆက်လက် ခန့်အပ်ထားခြင်းခံခဲ့ရပေမဲ့ ပြီးခဲ့တဲ့ အပတ် ပရီးမီးယားလိဂ် ပွဲစဉ် (၃) အဖြစ်ကစားခဲ့ကြတဲ့ လီဗာပူးအသင်းကို ၂ဂိုး - ၁ဂိုးနဲ့ ယူနိုက်တက်အသင်းက အနိုင် ရယူနိုင်ခဲ့တဲ့ ပွဲစဉ်တွင် ဝင်ရောက် ကစားခွင့် မရခဲ့ဘဲ အရန်ခုံ ပေါ်က နေသာ ပွဲပြီးဆုံးချိန်အထိ ကြည့်ရှု့နေခဲ့ရတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ လက်ရှိနည်းပြချူပ်ဖြစ်တဲ့ အဲရစ်တန်ဟတ်ကိုယ်တိုင်က မက်ဂွာရီအား ပထမပွဲထွက်ခွင့်နေရာ အတွက် အာမခံချက် မရှိတော့တဲ့ အကြောင်း ပြောဆိုထားပြီး ယူနိုက်တက် အသင်းခေါင်းဆောင် လက်ပက်အတွက်ပါ ပြောင်းလဲ စဉ်းစားလာဖွယ် ရှိနေတာပါ။ ချဲလ်ဆီးအသင်းကလည်း နောက်တန်းနေရာအတွက် အားဖြည့်နိုင်ဖို့ ကြိုးစားမှုတွေ ရှိထားပြီး လက်စတာစီးတီးအသင်းရဲ့ နောက်တန်းကစားသမား ဖိုဖာနာကို ခေါ်ယူဖို့ ခက်ခဲနေတာကြောင့် ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွာရီဘက်ကိုပါ ဦးလှည့်ကာ ချိတ်ဆက်မှုတွေ ရှိနေတာကြောင့် ယူနိုက်တက်အသင်း တာဝန်ရှိသူတွေ အနေဖြင့် အမှန်တကယ်ရောင်းချသွားမလားဆိုတာပါ စိတ်ဝင်စားဖွယ် ဖြစ်နေပါတယ်။

မက်ဂွာရီရဲ့လက်ရှိကြုံတွေ့နေရတဲ့ ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ “လူတွေက မက်ဂွာရီကို သူ့အတွက် ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးနဲ့ပဲ ကြည့်ပြီး တစ်ချိန်လုံး ထိုးနှက်နေကြတယ်” “အကယ်လို့ ယူနိုက်တက်အသင်းက သူ့ကို ပေါင် ၅သန်းလောက်နဲ့ ခေါ်ယူထားခဲ့တာဆိုရင် မက်ဂွာရီ ခြေစွမ်း ဘယ်လောက်ကောင်းမွန်တဲ့အကြောင်း ပြောဆိုနေကြမှာပါ” “လက်ရှိဖြစ်နေတဲ့ အခြေအနေတွေအရ ပြောင်းရွှေ့ကြေးမြင့်မားမှုရဲ့ ခေါင်းစဉ်အောက်မှာ မက်ဂွာရီ အနေဖြင့် ခြေစွမ်းကောင်း ပြသနိုင်ခဲ့တဲ့ ပွဲစဉ်တွေမှာတောင် အဆိုးမြင်တဲ့ ဝေဖန်မှုတွေနဲ့ ကင်းလွတ်မှု မရှိသေးပါဘူး” “ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် မက်ဂွာရီဟာ ဒီအသင်းမှာပါ သူ့အနာဂတ်က မရေမရာ ဖြစ်လာခဲ့ပါပြီ” လို့ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။
#မန်ချက်စတာယူနိုက်တက် #အီဗရာ #မက်ဂွါရီ #တန်ဟတ် #ပရီးမီးယားလိဂ်