ရှေ့သို့
Image

ရော်နယ်ဒို အနေနဲ့ နည်းပြ အဲရစ်တန်ဟတ်ရဲ့ နည်းစနစ်တွေမှာ လိုက်ပါ ကစားနိုင်ပါတော့မလားဆိုတာ ကို မေးခွန်းထုတ်လိုက်တဲ့ ဒါရင့်ဘန့်

3:15 PM, 24 August

ပရီမီးယားလိဂ်ရဲ့ ထိပ်တန်းတိုက်စစ်ကစားသမား တစ်ဦးဖြစ်ခဲ့ဖူးတဲ့ ဒါရင်ဘန့်က ပေါ်တူဂီတိုက်ကစားသမား ရော်နယ်ဒို အနေဖြင့် ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ရဲ့ ပြိုင်ဘက်အသင်းကို တရဆက်ဖိအားပေးကစားရတဲ့ ကစားဟန်မှာ အသက် ၃၇နှစ် အရွယ် ရှိနေပြီ ဖြစ်တာကြောင့် လိုက်ပါ ကစားနိုင်ပါဦးမလား ဆိုတာက မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ရော်နယ်ဒိုက ဘရန့်ဖို့ဒ်အသင်းကို ၄ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတဲ့ ပွဲစဉ်တွင် ပွဲချိန်ပြည့် ပါဝင် ကစားပေးခွင့် ရခဲ့ပေမဲ့ ပြီးခဲ့တဲ့ လီဗာပူးအသင်းကို အိမ်ကွင်းမှာ ၂ဂိုး -၁ဂိုး ဖြင့် အနိုင်ရယူနိုင်ခဲ့တဲ့ ပွဲစဉ်မှာတော့ ပွဲပြီးဆုံးဖို့ ၄မိနစ်အလို ပွဲချိန် ၈၆မိနစ်မှာ လူစားလဲ ဝင်ရောက် ကစားခွင့် ရရှိခဲ့တာပါ။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က လီဗာပူးအသင်းနဲ့ ပွဲစဉ်တွင် တိုက်စစ်ပိုင်းမှာ ရှက်ရှ်ဖို့ဒ်၊ ဆန်ချို နဲ့ အီလန်ဂါ တို့ကို ပွဲထုတ်လာပြီး ၃ယောက်တန်း နေရာယူပြီး ရွှေ့ပြောင်းကစားစေခဲ့တာပဲ ဖြစ်ပါတယ်။ ပထမပိုင်း ပွဲချိန် အတွင်းမှာ တောင်ပံမှာကစားနေတဲ့ တိုက်စစ်ကစားသမား အီလန်ဂါရဲ့ ဖန်တီးပေးပို့မှုကနေ ဆန်ချိုက လီဗာပူးကစားသမား မီလ်နာ ကို တစ်ချက် လှည့်ခေါက်ပြီး ပြိုင်ဘက် ဂိုးပေါက်ထဲကို သာသာယာယာ ပဲ ကန်သွင်းကာ ယူနိုက်တက်အသင်းအတွက် ပထမ ဦးဆောင်ဂိုးကို ရယူနိုင်ခဲ့တာပါ။  

ပွဲချိန်ရဲ့ ဒုတိယပိုင်း ရောက်တဲ့အခါမှာတော့ အခြားတိုက်စစ်ကစားသမား တစ်ဦးဖြစ်တဲ့ အန်တိုနီမာရှယ်ကို လူစားလဲ ဝင်ရောက် ကစားစေခဲ့တာဖြစ်ပြီး မာရှယ်ရဲ့ အကွက်မြင်မြင် ဖန်တီးပေးပို့မှုကနေပဲ ရက်ရှ်ဖို့ဒ် က ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေး သွားခဲ့တာလည်း ဖြစ်ပါတယ်။ လီဗာပူးကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်း အီလန်ဂါ၊ ဆန်ချို၊ ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့ ၄ယောက်လုံးက ခြေစွမ်းပြ ကစားကာ သွင်းဂိုးနဲ့ ဖန်တီမှုတွေ ကိုယ်စီပြုလုပ် ပေးနိုင်ခဲ့ကြတာ ကြောင့် ဝါရင့်တိုက်စစ် ကစားသမား ရော်နယ်ဒိုအနေဖြင့် အရန်ခုံမှာသာ ဆက်ထိုင် သွားရနိုင်ခြေ ပါရှိလာတာပဲ ဖြစ်ပါတယ်။

တော့တင်ဟမ်နဲ့ ဆန်းဒါးလန်း အပါအဝင် ပရီးမီးယားလိဂ် ကလပ် အသင်း အချို့နဲ့အတူ ကာလရှည်ကြာစွာ ထိပ်တန်းတိုက်စစ်ကစားသမား တစ်ယောက်အဖြစ် သက်သေ ပြထားနိုင်ခဲ့ဖူးတဲ့ ဒါရင့်ဘန့်က“ရော်နယ်ဒိုက ကမ္ဘာ့ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ယောက်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ တိုက်စစ် ၃ယောက်တန်းမှာ ၃ယောက်စလုံးက ပြိုင်ဘက်နောက်တန်းကို တရဆက်ဖိအားပေး ကစားစေချင်တဲ့ နည်းပြ အဲရစ်တန်ဟတ်ရဲ့ ကစားဟန်ကိုတော့ သူ့အသက်အရွယ်အရ လိုက်ပါ ကစားဖို့ ဖြစ်နိုင်တော့မယ် မထင်ပါဘူး”လို့Talk Sport သတင်းဌာနကို ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #တန်ဟတ် #ပရီးမီးယားလိဂ် #ဒါရင့်ဘန့်