ရှေ့သို့
Image

ချဲလ်ဆီး စိတ်ဝင်စားနေတဲ့ ဂေါ်ဒွန်ကို လွယ်လွယ်ကူကူနဲ့ လက်လွှတ်သွားဖို့ မရှိဘူးလို့ လမ်းပတ် ပြောဆို

2:26 PM, 24 August

အဲဗာတန် နည်းပြ ဖရန့်လမ်းပတ်က ချဲလ်ဆီး အနေနဲ့ အသင်း တောင်ပံ ကစားသမား အန်တိုနီဂေါ်ဒွန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အတည်ပြုပြောဆိုခဲ့ပေမယ့် မာဆေးဆိုဒ်ကလပ်က ကစားသမားကို လွယ်လွယ်ကူကူနဲ့ လက်လွတ်သွားဖို့ မရှိဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


အခု ရက်ပိုင်း အတွင်း ထွက်ပေါ်လာတဲ့ သတင်းတွေ အရ အသက်-၂၁ နှစ် အရွယ် တောင်ပံ ကစားသမားကို အနောက်လန်ဒန် ကလပ်က ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀+ အပိုထပ် ဆောင်းဆုကြေး ပေါင် ၁၀ သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။


ဂေါ်ဒွန်ကလည်း စတမ်းဖို့ ဘရစ်ချ်ဆီ ပြောင်းရွှေ့ဖို့ လိုလားနေပေမယ့် အဲဗာတန် နည်းပြ လမ်းပတ်ကတော့ အင်္ဂလန်ယူ-၂၁ လက်ရွေးစင်ဟာ ဂွတ်ဒီဆင်ပါ့ခ် ကလပ်နဲ့  စာချုပ်သက်တမ်း ရှိနေသေးတယ်လို့ ဆိုလိုက်ပါတယ်။


ဖလက်ဝုဒ်တောင်းကို အနိုင်ရခဲ့တဲ့ ကာရာဘောင်း ပွဲစဉ်အပြီး လမ်းပတ်က “ နောက်ဆုံးအခြေအနေကတော့ ပြီးခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ ပွဲစဉ် အပြီးမှာ ကျွန်တော် ပြောခဲ့သလိုပါပဲ၊ ဂေါ်ဒွန်က ကျွန်တော်တို့ အသင်းရဲ့ ကစားသမား ဖြစ်သလို သူ့မှာ အသင်းနဲ့ စာချုပ် သက်တမ်း သုံးနှစ် ကျန်ရှိ နေပါသေးတယ်။


ဂေါ်ဒွန်ကို ချဲလ်ဆီးက စိတ်ဝင်စားနေတယ်ဆိုတာ ကျွန်တော်တို့လည်း သတိပြုမိပါတယ်။ ဒီအခြေအနေက အဲဗာတန် အသင်း အတွက်ရော နည်းပြချုပ်ဖြစ်တဲ့ ကျွန်တော့် အတွက်ရော မှန်ကန်ရပါမယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ရက်ပိုင်းကလိုပဲ ဘာအပြောင်းအလဲမှ မရှိပါဘူး”လို့ ပြောဆိုလိုက်ပါတယ်။


လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေ အရ အဲဗာတန်က ဂေါ်ဒွန်ရဲ့ အပြောင်းအရွှေ့ တစိတ်တပိုင်း အဖြစ် ဂယ်လက်ဟာ သို့မဟုတ် ဘရိုဂျာတို့ကို အငှားဖြင့် ခေါ်ယူဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ အလားတူ အဲဗာတန် နည်းပြ လမ်းပတ်ကလည်း ကလပ်အနေနဲ့ စက်တင်ဘာ ၁ ရက်၊ အပြောင်းအရွှေ့ မပိတ်ခင် ကစာသမားသစ်တွေ ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း ပြောဆိုခဲ့ပါတယ်။


ဂေါ်ဒွန်ရဲ့ အပြောင်းအရွှေ့ အပေါ် နည်းပြ တစ်ဦး အနေနဲ့ ဗီတိုအာဏာနဲ့ ပယ်ချခွင့် ရှိသလားလို့ မေးမြန်းလာချိန် လမ်းပတ်က “ဒီမေးခွန်းကတော့ တော်တော်လေး ဒရမ်မာဆန်ပါတယ်။ ဒီလိုဆုံးဖြတ်ပိုင်ခွင့်က အသင်းမှာပဲ ရှိတာပါ။ ဆုံးဖြတ်ရာမှာတော့ ကျွန်တော်လည်း ပါဝင်ရဖို့ရှိတယ်၊ ပါလည်း ပါဝင်သင့်ပါတယ်။


ဒါက ဘောလုံးနဲ့ ဘဏ္ဍာရေးပိုင်းဆိုင်ရာ ပူးပေါင်း ဆုံးဖြတ်ချက် တစ်ခုပါပဲ။ ဒါက ရှင်းရှင်းလေးပါ။ ဒါပေမယ့် ကျွန်တော့်အတွက် ဦးစားပေး ဆန္ဒကတော့ ဘောလုံးနဲ့ ဆိုင်တဲ့ဆုံးဖြတ်ချက် တစ်ခု ဖြစ်စေချင်ပါတယ်။


ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အသင်းက ရာသီသစ်ကို စတင် ကျော်ဖြတ်နေပြီ ဖြစ်ပြီး သုံးပွဲ ကစားပြီးပါပြီ။ ကျွန်တော်တို့ ကစားသမားသစ်တွေ ခေါ်ယူထားပြီးဖြစ်သလို နောက်ထပ် ကစားသမားသစ်တွေ ထပ်ရောက်ရှိလာဖို့ကိုလည်း ကြိုးစားနေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

#ချဲလ်ဆီး #အဲဗာတန် #လမ်းပတ် #ဂေါ်ဒွန် #ပရီးမီးယားလိဂ်