ရှေ့သို့
Image

ယူနိုက်တက် ပစ်မှတ် ဂက်ပိုကို ပီအက်စ်ဗွီ အသင်းမှာသာ ဆက်ထိန်းသွားဖို့ အလိုရှိနေတဲ့ နစ္စတယ်လ်ရွိုင်း

11:07 AM, 24 August

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္ဓဝင် တိုက်စစ် ကစားသမား တစ်ဦး ဖြစ်သလို လက်ရှိ ပီအက်စ်ဗွီ အသင်းရဲ့ နည်းပြလည်း ဖြစ်တဲ့ ဗန်နစ္စတယ်လ်ရွိုင်းက ဒီနှစ် အပြောင်းအရွှေ့ ကာလ အတွင်း အရေးပေါ် ကစားသမား ခေါ်ယူမှုတွေ ဆက်တိုက် ပြုလုပ်နေတဲ့ ယူနိုက်တက် အသင်းရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ပီအက်စ်ဗွီ အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဂတ်ပို ကို ဆက်လက် ထိန်းသိမ်းသွားနိုင်ဖို့ မျှော်လင့်နေတာပဲ ဖြစ်ပါတယ်။

 

ယူနိုက်တက် အသင်းက ဒီနှစ် အပြောင်းအရွှေ့ ကာလ အတွင်း မာလာစီယာ၊ လီဆန်ဒရိုမာတီနက်ဇ်၊ အဲရစ်ဆင်တို့ကို ခေါ်ယူထားခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ နောက်ထပ် ရီရဲလ်မက်ဒရစ် အသင်းရဲ့ ချန်ပီယံလိဂ် ဖလား ၅လုံး ရရှိခဲ့တဲ့ ကွင်းလယ် အဖျက် ကစားသမား ကက်စ်မဲရိုးကို ခေါ်ယူထားခဲ့သလို တာဝန်ရှိသူတွေ အနေနဲ့တော့ အလုပ်များခဲ့ရတဲ့ အပြောင်းအရွှေ့ ကာလ တစ်ခုကို ကြုံတွေ့နေရပါတယ်။


ယူနိုက်တက် နည်းပြ အဲရစ်တန်ဟတ်အနေဖြင့် တိုက်စစ်ပိုင်းကို ထပ်မံ အားဖြည့်ဖို့ လိုနေသေးတာကြောင့် ကစားသမားတွေကို ထောက်လှမ်းမှု ဆက်တိုက်ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံတည်းသား ပီအက်စ်ဗွီစတား ဂတ်ပိုကို ခေါ်ယူဖို့ လုပ်ဆောင်လာတာပဲ ဖြစ်ပါတယ်။


အေဂျက်စ် အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား အန်တိုနီကိုလည်း ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ထားခဲ့ပြီး ဖြစ်သလို ပီအက်စ်ဗွီ အသင်းရဲ့ အဓိက တိုက်စစ် ကစားသမား တစ်ဦးဖြစ်တဲ့ ဂတ်ပိုကလည်း အခြားသော ပစ်မှတ် ကစားသမား တစ်ဦး အဖြစ် ရှိနေတာလည်း ဖြစ်ပါတယ်။


ဂတ်ပိုက ပြီးခဲ့တဲ့ ရာသီမှာ ပီအက်စ်ဗွီ အသင်းနဲ့ အတူ ပြိုင်ပွဲစုံ ၄၇ပွဲ ကစားပြီး သွင်းဂိုး ၂၄ဂိုး သွင်းယူ ပေးထားခဲ့သူ ဖြစ်တာကြောင့် ယူနိုက်တက်သာ ခေါ်ယူနိုင်ခဲ့မယ်ဆိုပါက ရက်ရှ်ဖို့ဒ်နဲ့ ဆန်ချိုတို့ကို ပွဲထွက်ခွင့် အတွက် ကောင်းကောင်း ဖိအားပေးထားနိုင်မှာ လည်း ဖြစ်ပါတယ်။


အားထားရတဲ့ တိုက်စစ် ကစားသမား ဂတ်ပိုနဲ့ ပက်သက်ပြီး ပီအက်စ်ဗွီ နည်းပြ ဖြစ်တဲ့ ဗန်နစ္စတယ်လ်ရွိုင်းက“အပြောင်းအရွှေ့နဲ့ ပက်သက်လို့တော့ ကောလဟာလ သတင်းတွေ အမျိုးမျိုး ထွက်နေတာပဲ။ ကျွန်တော်တို့ကတော့ ဂတ်ပိုကို ဆက်ထိန်းသွားဖို့သာ ဆန္ဒရှိပါတယ်။”


“ကျွန်တော် သူနဲ့ တွဲအလုပ် လုပ်လာတာ ၈ပတ်ရှိသွားပြီ။ ဒီ အတောအတွင်းမှာတော့ သူ့ဆီက ဆိုးရွားတဲ့ အပြုအမူတွေမျိုး မမြင်ခဲ့ရသေးဘူး။ ဒါက လူငယ် ကစားသမား တစ်ယောက် အတွက်တော့ သိပ်ကို ကောင်းမွန်နေပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #ပီအက်စ်ဗွီ #တန်ဟတ် #ဂတ်ပို #ပရီးမီးယားလိဂ်