ရှေ့သို့
Image

ဆန်ချိုရဲ့ သွင်းဂိုးခွင့်ပြုပေးရပြီးနောက် မီလ်နာက ဗန်ဒိုက်ကို ကြိမ်းမောင်းပြောဆိုခဲ့

9:04 AM, 23 August

ဒီနေ့မနက်ပိုင်း၊ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အင်္ဂလန်ဒါဘီပွဲစဉ်အတွင်း မန်ချက်စတာယူနိုက်တက်ရဲ့ အဖွင့်ဂိုးကို ခွင့်ပြုပေးခဲ့ရပြီးနောက် လီဗာပူးဒုတိယအသင်းခေါင်းဆောင် မီလ်နာက ခံစစ်မှူးဗန်ဒိုက်ကို ဒေါသတကြီးနဲ့ ကြိမ်းမောင်းပြောဆိုခဲ့ပါတယ်။

ဒီပွဲစဉ်ရဲ့ ပွဲချိန် ၁၆ မိနစ်မှာ ယူနိုက်တက်ရှေ့တန်းလူ ဆန်ချိုက ကောင်းမွန်လွန်းတဲ့ တည်ငြိမ်မှုနဲ့ အခွင့်အရေးကို အဆုံးသတ်ကာ အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့တာပါ။ ဒီသွင်းဂိုးအတွက် ယူနိုက်တက် ကစားသမားတွေ အောင်ပွဲခံနေကြချိန် မီလ်နာက ဗန်ဒိုက်ကို ဆန်ချိုရဲ့ သွင်းဂိုးအတွက် ‘ရှေ့တက်ဖျက်ထုတ်သင့်တယ်’လို့ ဒေါသတကြီးကြိမ်းမောင်းပြောဆိုခဲ့ပါတယ်။

ဆန်ချိုရဲ့သွင်းဂိုးအတွက် ကစားကွက်တည်ဆောက်နေချိန်မှာ ဗန်ဒိုက်က လီဗာပူးခံစစ်ဧရိယာဗဟိုနေရာမှာ လက်နှစ်ဘက်နောက်ပစ်ပြီး ဂိုးရှေ့မှာ ရပ်စောင့်နေခဲ့လို့ ယူနိုက်တက်ကစားသမားက သူရဲ့စိတ်ကြိုက်အနေအထားနဲ့ သွင်းဂိုးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းပွဲချိန်အပြီး Sky Sports စကားဝိုင်းဆွေးနွေးပွဲမှာ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက “မင်းအနေနဲ့ ဒီနေရာမှာ ဗန်ဒိုက်ကို  သေချာလေ့လာကြည့်လိုက်ပါ။ သူက တစ်ရာသီလုံး ပေါ့ပေ့ါတန်တန်နဲ့ ဖြစ်ကတက်ဆန်း ပုံစံမျိုး ဖြစ်နေခဲ့တာပါ။ ရှေ့တက်ဖျက်ထုတ်ရမှာကို ဗန်ဒိုက်ရဲ့ ခြေထောက်တွေက မလှုပ်ရှားခဲ့ဘူး။ ဒါက အတိုင်းထက်အလွန် ဖြစ်လာခဲ့ပြီးတော့ သွင်းဂိုးလည်း ပေါ်ပေါက်လာခဲ့တယ်”လို့ ဆွေးနွေးပြောဆိုခဲ့ပါတယ်။

ဒုတိယပိုင်းပွဲကစားချိန်အတွင်း လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက မီလ်နာနဲ့ ဗန်ဒိုက်တို့ဟာ တစ်ဦးနဲ့တစ်ဦးအငြင်းပွားနေတုန်းပဲလို့ ပြောဆိုခဲ့ပါတယ်။

ပွဲချိန်မိနစ်ခြောက်ဆယ်ခန့်မှာ Sky Sports ရဲ့ ပူးတွဲတင်ဆက်သူ ကာရေဂါက “မီလ်နာနဲ့ ဗန်ဒိုက်တို့ကြားမှာ တစ်ခုခု ဖြစ်နေတုန်းပါပဲ။ ပြီးခဲ့တဲ့ ၁၅ မိနစ်လောက်အတွင်းမှာလည်း သူတို့ အချင်းအချင်း အပြန်အလှန်အော်ဟစ်နေတာပါ။ ယူနိုက်တက်ရဲ့ ပထမသွင်းဂိုးအတွက် မီလ်နာက ဗန်ဒိုက်ကို ကျေနပ်ပုံမရပါဘူး။ သူတို့ဆက်အငြင်းပွားနေတုန်းပဲ”လို့ ပြောဆိုခဲ့ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ဗန်ဒိုက် #ဆန်ချို #မီလ်နာ #ပရီးမီးယားလိဂ်