ရှေ့သို့
Image

ယူနိုက်တက် အသင်းရဲ့ အဝတ်စားလဲခန်း အတွင်းမှာ ရော်နယ်ဒိုက ဆိုးရွားတဲ့ သက်ရောက်စေမှုမျိုး မရှိနိုင်ဘူးလို့ ပြောလိုက်တဲ့ ဖော်စတာ

4:01 PM, 22 August

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကစားသမား ဖြစ်ခဲ့ဖူးတဲ့ ဂိုးသမား ဘင်ဖော်စတာ က ယူနိုက်တက် အသင်းမှ ထွက်ခွာချင်တာကြောင့် တောင်းဆိုမှု ပြုလုပ်ခဲ့ဖူးတဲ့ ဝါရင့် တိုက်စစ် ကစားသမား ရော်နယ်ဒို အနေဖြင့် အဝတ်လဲခန်း အတွင်း အသင်းဖော် ကစားသမားတွေရဲ့ အကြား ဆိုးရွားတဲ့ အကျိုးသက်ရောက် စေနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေ အပေါ် ငြင်းဆိုမှုပြုလုပ်ကာ ဆိုးကျိုးဖြစ်နိုင်ခြေ မရှိဘူးလို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။


ယူနိုက်တက် အသင်းရဲ့ စီနီယာ ကစားသမား အများစုကလည်း လက်ရှိ ကစားသမားတွေ အကြား စိတ်ခံစားမှု ပိုမို ကောင်းမွန်ကာ စည်းလုံးမှု ရှိလာစေရန် ဝါရင့် တိုက်စစ် ကစားသမား ရော်နယ်ဒိုကို ရောင်းချသွားစေဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။


အသက် ၃၇နှစ်အရွယ် ရွှေဘောလုံး ၅ကြိမ် အထိ ရရှိထားတဲ့ တိုက်စစ် ကစားသမား ရော်နယ်ဒိုက နွေအပြောင်းအရွှေ့ ကာလ တစ်လျှောက် ယူနိုက်တက် အသင်းကနေ ထွက်ခွာဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပေမဲ့ လက်ရှိ အချိန်မှာတော့ ယူနိုက်တက် နည်းပြ အရစ်တန်ဟတ်နဲ့ အတူ ပရီးမီးယားလိဂ် ပွဲစဉ် ၂ပွဲမှာ ဝင်ရောက် ကစားခွင့် ရရှိခဲ့ပါတယ်။


ယူနိုက်တက် အသင်းနဲ့ အတူ ၂၀၀၅ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ကစားပေးခဲ့ဖူးတဲ့ ဂိုးသမား ဘင်ဖော်စတာက အသင်းဖော် ဖြစ်ခဲ့ဖူးတဲ့ ရော်နယ်ဒိုနဲ့ ပက်သက်လို့ “ရော်နယ်ဒိုက အဖျက်အမှောင့်သမား လို့ ပြောဆိုနေကြတာက မှန်ကန်မှု မရှိပါဘူး”“သူက ဘယ်တော့မှ အဖျက်ကစားသမား မျိုးဖြစ်လာမှာမဟုတ်သလို လုပ်လည်း မလုပ်ခဲ့ပါဘူး။ အမြဲတမ်းလည်း ဒီအတိုင်းပဲ ရှိနေဦးမှာပါ။”


“ကျွန်တော့ သဘောအရ ဆိုရင်တော့ သူနဲ့ ပက်သက်ရင် မကောင်းပြောစရာ မရှိသလောက် ပါပဲ”“လူတွေအမြဲပြောခဲ့ကြသလို သူက ရောက်ရှိတဲ့ ကလပ် အသင်းတိုင်း အတွက် အကောင်းမွန်ဆုံး ပေးဆပ် ကစားပြီး ပရောဖက်ရှင်နယ် ဆန်တဲ့ နေရာမှာ ရှားမှ ရှားတဲ့ ကစားသမား မျိုးဖြစ်ပါတယ်။


အခုလည်း ဒီပုံစံအတိုင်းပဲ ဖြစ်သလို ပြောင်းလဲမှု မရှိသေးပါဘူး။ သူ့ အင်စတာဂရမ်မှာ ပရိတ်သတ်တွေ ဘယ်လောက်တောင် များနေလဲဆိုတာ သိမှာပါ။ ဒါက ပရော်ဖက်ရှင်နယ်ဆန်ခဲ့မှု အတွက် အကျိုးရလဒ်တွေ သာ ဖြစ်ပါတယ်။”“ရော်နယ်ဒိုက ဝန်ထမ်းတွေ၊ ကစားဖော်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် စနောက်ကာ ပျော်စရာတွေ ပြောဆိုနေလေ့ရှိပြီး ယူနိုက်တက်ကို ဆုတ်ယုတ်လာစေမယ့် ကစားသမား မျိုးမဟုတ် ပါဘူး” လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #ဖော်စတာ #ပရီးမီးယားလိဂ်