ရှေ့သို့
Image

လိဒ်စ်ယူနိုက်တက်နဲ့ ပွဲမှာ အမှားလုပ်ခဲ့တဲ့ ဂိုးသမား မန်ဒီဘက်ကနေ တူချယ် ကာကွယ်ပြောကြား

8:56 AM, 22 August

သောမက်စ် တူချယ်က ယမန်နေ့ည လိဒ်စ်ယူနိုက်တက်ကို ၃ဂိုးပြတ် ရှုံးခဲ့တဲ့ ပွဲစဉ်မှာ အမှားကျူးလွန်ခဲ့တဲ့ ဂိုးသမား မန်ဒီဘက်ကနေ ကာကွယ် ပြောကြားသွားခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ လိဒ်စ်က အာရွန်ဆန်၊ ရိုဒရီဂို၊ ဟာရစ်ဆင်တို့ရဲ့ ဂိုးတွေနဲ့အတူ အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်အတွင် ခံစစ်မှူးသစ် ကူလီဘာလေလည်း ၂ဝါ၁နီနဲ့ ထုတ်ပယ်ခံရတဲ့အထိ ချဲလ်ဆီးတို့ အခြေအနေဆိုးခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်း ထောက်ပြစရာရှိလာတာကတော့ ဂိုးသမား မန်ဒီဖြစ်ပြီး အာရွန်ဆန်ရဲ့ အဖွင့်ဂိုးမှာ သူ့ရဲ့အမှား ကြီးကြီးမားမား ပါဝင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ တူချယ်က အမှားတွေ ကျူးလွန်ခဲ့တဲ့ မန်ဒီဘက်ကနေ ကာကွယ်သွားခဲ့ပါတယ်။

တူချယ်က “အားလုံးက အဲ့ဒီအမှားကို မြင်လိုက်ကြပါတယ်။ ဒါက အရေးပါတဲ့အချိန်မှာ ကြီးမားတဲ့ အမှားပါပဲ။ အဲ့ဒါက အကူအညီမဖြစ်ဘဲ ဒီအမှားက ကျွန်တော်တို့ကို ရှုံးပွဲတွေ့စေခဲ့လို့ သူ အရမ်းစိတ်ပျက်နေပါတယ်” “သူ့အမှားသူ သိပါတယ်။ ဒီလို အမှားမျိုးနဲ့ဆို စကားအများကြီး ပြောဖို့မလိုဘူးလို့ ထင်ပါတယ်။ သူ့အမှားသူ သိတာကြောင့် ဒါက ကာကွယ်တာ၊ မကာကွယ်တာနဲ့ မဆိုင်ပါဘူး”လို့ ပြောခဲ့ပါတယ်။

ဆိုးရွားတဲ့ စွမ်းဆောင်ရည် ဖြစ်ခဲ့ပေမဲ့ တူချယ်က ချဲလ်ဆီးဟာ လိဒ်စ်ထက် ကစားပုံ ပိုကောင်းခဲ့ပြီး တစ်ဦးချင်းအမှားတွေကြောင့်သာ ရှုံးခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

တူချယ်က “ပွဲအစပိုင်းမှာ ကျွန်တော်တု့ိ ပိုကောင်းခဲ့ပြီး အခွင့်အရေးတွေ ရခဲ့ပေမဲ့ ပွဲကို နိုင်ချင်ရင် ဒီလိုအခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းလဲနိုင်ရပါမယ်။ ကျွန်တော်တို့ အခွင့်အရေးတွေကို ဖြုန်းတီးခဲ့ပြီး ဒါကြောင့်လည်း ရှုံးခဲ့တာပါ” “ကျွန်တော်တို့ ပွဲကို အဆုံးသတ်စေမယ့် အခွင့်အရေး၂ကြိမ်ကို သွားပေးခဲ့ပါတယ်။ ဧရိယာထဲ ကျွန်တော်တို့ ဘောလုံးထိတွေ့မှု ၃ဆလောက် ရှိခဲ့ပေမဲ့ ကန်ချက်တော့ မရှိခဲ့ပါဘူး။ ကန်ချက် မရှိဘူးဆိုရင် ဘယ်လိုလုပ် ဂိုးသွင်းနိုင်မှာလဲဗျာ”လို့ ပြောခဲ့ပါတယ်။

#ချဲလ်ဆီး #လိဒ်စ်ယူနိုက်တက် #မန်ဒီ #တူချယ် #ပရီးမီးယားလိဂ်