ရှေ့သို့
Image

ယူနိုက်တက်နဲ့ချဲလ်ဆီးကစိတ်ဝင်စားနေတဲ့ ဗာဒီကို ၂ နှစ်သက်တမ်း တိုးခဲ့တဲ့ လက်စတာ

5:14 PM, 20 August

ရလဒ်တွေဆိုးရွားနေတဲ့ လက်စတာစီးတီးအသင်းကတော့ အသင်းရဲ့ဝါရင့်တိုက်စစ်မှူး ဂျေမီဗာဒီကို ၂ နှစ်စာချုပ်နဲ့ သက်တမ်းတိုးလိုက်ပြီဖြစ်ပါတယ်။ ဝါရင့်တိုက်စစ်မှူးကြီးဟာ အသင်းသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ကစားသမားဖြစ်ခဲ့ပြီး အခုဆိုရင် ကင်းပါဝါကွင်းကြီးမှာ သူ့ရဲ့အသက် ၃၇ နှစ်အရွယ်ထိ ရှိနေတော့မှာပါ။ 

ဗာဒီဟာ လက်စတာကို အပျော်တမ်းကလပ် ဖလက်ဝုဒ်အသင်းကနေ ၂၀၁၂ တုန်းက ပေါင် ၁ သန်းတည်းနဲ့ ရောက်ရှိလာသူဖြစ်ပြီး အသင်းအတွက် ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားတွေကို ပထမဆုံးအကြိမ် ရယူပေးခဲ့ကာ ဂန္တဝင်ကစားသမားတစ်ယောက်အဖြစ် အသင်းသမိုင်းမှာ မှတ်တမ်းတင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ အခုဆိုရင် သူရဲ့စာချုပ်နောက်ဆုံးနှစ်ထဲကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်အသင်းကြီးတွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့က စိတ်ဝင်စားလာခဲ့ပါတယ်။ ဒါပေမယ့် ၃၅ နှစ်အရွယ် တိုက်စစ်မှူးကတော့ လက်စတာကိုပဲ ဆက်လက်သစ္စာရှိဖို့ ရွေးချယ်သွားခဲ့ပါတယ်။ 

ဗာဒီရဲ့ စာချုပ်သစ်ဟာ ဒီနွေရာသီမှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ လက်စတာအတွက် အားတစ်ခုဖြစ်သွားစေပါတယ်။ ချဲလ်ဆီးပစ်မှတ် ဝက်စ်လေဖိုဖာနာက အသင်းရဲ့ထရိန်နင်တွေကို လွဲချော်နေခဲ့ပြီး စနေနေ့ညမှာ ကစားမယ့် ဆောက်သမ်တန်နဲ့ ပွဲစဉ်ကိုလည်း လွဲချော်ဖို့များပါတယ်။ ချဲလ်ဆီးကတော့ ဖိုဖာနာအတွက် ပေါင် ၆၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် လက်စတာကတော့ ခံစစ်မှူးတစ်ယောက်အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး  ပေါင်သန်း ၈၀ ကျော်တဲ့ ကမ်းလှမ်းမှုမျိုးကိုသာ မျှော်လင့်ထားပါတယ်။ 

လက်စတာဟာ လက်ရှိဥရောပလိဂ်ကြီး ၅ ခုမှာ စီနီယာကစားသမား တစ်ဦးမှမခေါ်ရသေးတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပြီး အသင်းရဲ့ဘဏ္ဍာရေး  ကျပ်တည်းမှုကြောင့် အပြောင်းအရွှေ့ဈေးကွက်ထဲမှာ လှုပ်ရှားနိုင်ခြင်း မရှိတာပဲ ဖြစ်ပါတယ်။ 

#ဗာဒီ #လက်စတာ #ဖိုဖာနာ