ရှေ့သို့
Image

ဂတ်ပိုကို ခေါ်ယူနိုင်ဖို့ ပေါင် ၃၄ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်တော့မယ့် ယူနိုက်တက်

12:35 PM, 20 August

မန်ချက်စတာယူနိုက်တက်အသင်းက ဘရာဇီးထိပ်တန်းကွင်းလယ် အဖျက် ကစားသမား ကက်စ်မဲရိုးကို ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင်ကြေငြာမှု ပြုလုပ်ပြီး လို့ မကြာခင်မှာပဲ နောက်ထပ် တိုက်စစ်ပိုင်းကို အားဖြည့်ဖို့အတွက် ပစ်မှတ် ကစားသမား တစ်ဦးဖြစ်တဲ့ ပီအက်စ်ဗွီ တောင်ပံကစားသမား ဂတ်ပို ကို ခေါ်ယူနိုင်ဖို့ ရန် ခြေလှမ်းစတင်နေပြီ ဖြစ်ပါတယ်။

အသက် ၂၃နှစ်အရွယ် သာ ရှိသေးတဲ့ ဂတ်ပိုက နိုင်ငံအသင်းနဲ့ ကလပ်အသင်းအတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စုစုပေါင်း ၄၈ ပွဲ ဝင်ရောက် ကစားကာ သွင်းဂိုး ၂၁ဂိုးအထိ ရယူပေးထားနိုင်ခဲ့တာဖြစ်လို့ ယူနိုက်တက်အသင်း က ဒီနှစ်အပြောင်းအရွှေ့ကာလ ရဲ့ အဓိက ခေါ်ယူမှုတွေထဲက တစ်ခုအနေနဲ့ ပီအက်စ်ဗွီ တောင်ပံကစားသမား ကို ပေါင် ၃၄သန်း အထိ ပေးချေကာ ခေါ်ယူနိုင်ဖို့ စိတ်အားထက်သန် နေတာပါ။

ယူနိုက်တက်အသင်းက သူတို့အသင်းရဲ့ တိုက်စစ် ပိုင်းကို ဖြည့်တင်းဖို့ အတွက် ပထမ ဦးစားပေး ပစ်မှတ်အနေနဲ့ အေဂျက်စ်အသင်းရဲ့ အန်တိုနီကို ခေါ်ယူလိုတာ ဖြစ်ပေမဲ့ အေဂျက်စ်အသင်းဘက်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးပမာဏက တစ်စတစ်စ များပြားလာနေတာ ကြောင့် ခေါ်ယူနိုင်ဖို့ အခက်တွေ့နေတာ ဖြစ်ပြီး အခြား အစားထိုး ကစားသမား အနေဖြင့် ဂတ်ပို ကို ခေါ်ယူဖို့ လုပ်ဆောင်လာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ အေဂျက်စ် တောင်ပံကစားသမား အန်တိုနီ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၇.၉ သန်းနဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပေမဲ့ အေဂျက်စ် ဘက်က ရောင်းချသွားမှာ မဟုတ်ဘူးလို့ ပယ်ချ ထားခဲ့ပါတယ်။

ကစားသမား နှစ်ဦးရဲ့ မှတ်တမ်းတွေကို ပြန်ကြည့်ရမယ်ဆိုရင် အေဂျက်စ် တောင်ပံကစားသမား အန်တိုနီက ပြီးခဲ့တဲ့ ၂၀၂၁-၂၂ ဒက်ချ်လိဂ်  ပြိုင်ပွဲအတွင်း ၂၁ ပွဲကစားပြီး သွင်းဂိုး ၈ဂိုး၊ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားပြီး၊ ပီအက်စ်ဗွီ တောင်ပံကစားသမား ဂတ်ပို က ပြီးခဲ့တဲ့နှစ်မှာပဲ ၂၂ ပွဲပါဝင်ကစားထားပြီး သွင်းဂိုး ၁၂ဂိုး၊ ဂိုးဖန်တီးမှု ၁၂ကြိမ် ပြုလုပ် ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြောင်းရွှေ့ကြေးပိုင်းမှာတော့ အန်တိုနီ အတွက် ပေါင်သန်း ၈၀ အထက်မှာ အသုံးပြုရနိုင်ပြီးတော့ ဂတ်ပို အတွက် ပေါင် ၃၄ သန်း ဝန်းကျင်သာ အသုံးပြု ရနိုင်သာ ကြောင့် ယူနိုက်တက်အသင်းအနေဖြင့် ဘယ် ကစားသမား ကို အရခေါ်ယူသွားမလဲဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဂတ်ပို #ပရီးမီးယားလိဂ်