ရှေ့သို့
Image

ယူနိုက်တက် ကွင်းလယ်ကစားသမား ဖရက်ဘက်ကနေ ကာကွယ်ပြောဆိုလိုက်တဲ့ ယာဂင်ကလော့ပ်

10:54 AM, 20 August

လီဗာပူးအသင်းနည်းပြ ယာဂင် ကလော့ပ်ဟာ ယူနိုက်တက် ကွင်းလယ်ကစားသမား ဘရာဇီးသား ဖရက်ကို တကယ်ကောင်းမွန်တဲ့ ကစားသမားဖြစ်တယ်လို့ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးအသင်းနဲ့ ယူနိုက်တက် အသင်းတို့ဟာ လာမယ့် တနင်္လာညမှာ ရင်ဆိုင်ကစားရဖို့ ရှိနေပြီး နှစ်သင်းစလုံးဟာ လက်ရှိ ရရှိထားတဲ့ ရလဒ်တွေထက် ပိုကောင်းတဲ့ ရလဒ်ကို ရရှိဖို့ လိုအပ်နေပါတယ်။

လီဗာပူးအသင်းဟာ ရာသီအစ အဖွင့်ပွဲ ၂ ပွဲစလုံးကို သရေရလဒ်သာ ထွက်ပေါ်အောင် ကစားထားနိုင်ခဲ့ပြီး ယူနိုက်တက်အသင်းကတော့ နည်းပြသစ်တန်ဟတ်နဲ့ အတူ ရာသီအဖွင့်ပွဲ ၂ ပွဲစလုံး ရှုံးနိမ့်ထားတဲ့ ရလဒ်ကို ရရှိထားခဲ့ပါတယ်။ ဖရက်ကတော့ ယူနိုက်တက်အသင်းကို ၂၀၁၈ ခုနှစ်မှာ ရှက်တာ ဒိုးနက်အသင်းကနေ ပြောင်းရွေ့လာခဲ့ပြီး ထိုစဉ် ကထဲက ယူနိုက်တက်ပရိသတ်သဘောကျခြင်းခံရတဲ့ ကစားသမားတစ်ယောက် မဖြစ်ခဲ့ပါဘူး။ ရာသီအဖွင့်ပွဲ နှစ်ပွဲဖြစ်တဲ့ ဘရိုက်တန်နဲ့ ဘရန့်ဖို့ကို ရှုံးနိမ်ခဲ့တဲ့ ပွဲတွေမှာလည်း သူ့ကို ဝေဖန်ပြစ်တင်ခြင်းလည်း ခံထားရပါတယ်။

ကလော့က ထိုဝေဖန်မှုတွေကို ကြားသိခဲ့ပါတယ်။ အထူးသဖြင့် Talksport မှာ ဘောလုံးပွဲသုံးသပ်သူပြုလုပ်နေတဲ့ အဘွန်လဟောက ဖရက်ရဲ့ ခြေစွမ်းကို အသိအမှတ်မပြုတဲ့ အပြောအဆိုတွေ‌ကို ကလော့က ၂၉ နှစ်အရွယ် ဖရက်ဘက်က ကာကွယ်ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်နဲ့ ရင်ဆိုင်ရဖို့ ရှိနေတဲ့ ကလော့ပ်က ထိုကွင်းလယ်ကစားသမားကို အများကြီး ချီးကျူးပြောဆိုလိုက်ပါတယ်။

သောကြာနေ့က ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ"ယူနိုက်တက်ကွင်းလယ်မှာ အဲရစ်ဆင် ၊ ဖာနန်ဒက်စ် ၊ ဘန်ဒီဘိခ် ၊ ဖရက် ၊ ဖရက်က ဂါဘီ အဘွန်လဟော မကြိုက်ပေမယ့် တကယ်ကောင်းတဲ့ ကစားသမားပါ။ပြီးတော့ တော်မီနေးကလည်း အရည်အသွေးရှိတဲ့ ကစားသမားပါ" "ဒါကို ကျွန်တော်တို့ ရင်ဆိုင်ရမှာပါ။ သူတို့ နှစ်ပွဲ ကစားထားပြီးပါပြီ။ ကျွန်တော်တို့ သူတို့ရဲ့ နှစ်ပွဲလုံး ကစားတာကိုလည်း တွေ့ထားပါတယ်။ ကျွန်တော်တို့ သူတို့ကို ရင်ဆိုင်ဖို့ ပြင်ဆင်မယ်ဆိုရင် သူတို့ ပြောင်းလဲပြင်ဆင်ရင် ဘယ်လိုတွေ ပြောင်းလဲလာမလဲဆိုတာ စဉ်းစားရပါတယ်။ တကယ်လို့ မသိဘူးဆိုရင်တော့ ပွဲကျမှ အခြေအနေကြည့်ပြီးပြင်ဆင်တုန့်ပြန်ရမှာပါ"လို့ ကလော့ပ်က ဆိုပါတယ်။

ထို့အတူ ကလော့က ယူနိုက်တက်တိုက်စစ်ကို ရယ်စရာကောင်းတယ်လို့ပြောကြားလိုက်ပြီး အသင်းရဲ့ ရာသီအစ ပွဲနှစ်ပွဲမှာ ဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့ အန်တိုနီမာစီရယ် ပြန်လည်ပါဝင်နိုင်မယ်လို့ ကြားသိထားတယ်လို့လဲ ပြောသွားခဲ့ပါတယ်။

"ယူနိုက်တက် တိုက်စစ်က နည်းနည်းတော့ ရယ်စရာကောင်းနေပါတယ်။ မာစီရယ် ကစားနိုင်မယ်လို့ ကြားထားပါတယ်။ သူလေ့ကျင့်ရေးပြုလုပ်နိုင်ပြီး ကစားနိုင်ပြီလို့ သိထားတယ်။ သူက ရာသီကြိုပွဲစဉ်မှာ ကျွန်တော်တို့နဲ့ ရင်ဆိုင် ကစားထားပါတယ်။ နည်းစနစ်ပိုင်းနဲ့ လျှင်မြန်မှု ရှိတဲ့ ကစားသမားကောင်းတစ်ယောက်ပါ"လို့ ကလော့ပ်က ပြောသွားခဲ့ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ကလော့ပ် #ဖရက်ဒ် #ပရီးမီးယားလိဂ်