ရှေ့သို့
Image

လီဗာပူးနဲ့ ပွဲစဉ်က ယူနိုက်တက်အတွက် အလှည့်အပြောင်းတစ်ခုဖြစ်သွားစေနိုင်တယ်လို့ သတိပေးလိုက်တဲ့ ဗန်ဒိုက်

3:31 PM, 19 August

လာမည့်အင်္ဂါနေ့မနက်ပိုင်း၊ အိုးထရက်ဖို့ဒ်မှာ လီဗာပူးနဲ့ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်က မန်ချက်စတာယူနိုက်တက် အတွက် သူတို့ရဲ့ရာသီသစ်ကို စတင်နိုင်ဖို့ ပြီးပြည့်စုံတဲ့ပွဲစဉ်ဖြစ်လာနိုင်တယ်လို့ လီဗာပူးနောက်ခံလူ ဗန်ဒိုက်က သတိပေးပြောဆိုလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်က အခုရာသီပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်နှစ်ပွဲကို ရှုံးနိမ့်ခဲ့ပြီးနောက် ၁၉၉၂ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဇယားအောက်ခြေကို ရောက်ရှိသွားခဲ့ပါတယ်။ နည်းပြတန်ဟက်မှာလည်း ၁၉၂၁ ခုနှစ်၊ နည်းပြ ဂျွန်ချတ်မန်းနောက်ပိုင်း လိဂ်အဖွင့်ပွဲစဉ်နှစ်ပွဲဆက် ရှုံးနိမ့်တဲ့ ပထမဆုံးယူနိုက်တက်နည်းပြအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

လာမည့်အင်္ဂါနေ့မနက်ပိုင်းမှာတော့ ယူနိုက်တက်က ခါးသီးပြိုင်ဘက်လီဗာပူးကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိနေပြီး အန်ဖီးလ်ကလပ်နောက်ခံလူ ဗန်ဒိုက်ကတော့ ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေရတဲ့ ပြိုင်ဘက်အသင်းဟာ သူတို့အိမ်ကွင်းပရိသတ်တွေရှေ့မှောက် အားအင်အပြည့်နဲ့ လက်ရှိအခြေအနေတွေကနေ ရုန်းထွက်နိုင်ရေး စိတ်အားထက်သန်နေလိမ့်မယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။

“ဒီပွဲစဉ်က ခက်ခဲကြမ်းတမ်းနေမယ်ဆိုတာ ထုတ်ပြောဖို့တောင် မလိုပါဘူး။ ကျွန်တော်တို့လည်း အနိုင်ရချင်တာဖြစ်လို့  ဒီပွဲမှာအနိုင်ရဖို့ ကိုယ်လုပ်စရာရှိတာတွေ အကုန်လုပ်သွားမှာပါ။ ဒီရာသီကတော့ သူတု့ိအတွက် ခက်ခဲတဲ့စတင်မှုတစ်ခုနဲ့ ကြုံတွေ့နေတာဖြစ်သလို ကျွန်တော်တို့လည်း ကိုယ်လိုချင်တဲ့အကောင်းဆုံး စတင်မှုကို မရရှိသေးပါဘူး။ ဒါကြောင့် ဒီပွဲက စိတ်ဝင်စားစရာကောင်းမှာပါ။ သူတို့အသင်းက အခုအချိန်မှာ ယုံကြည်မှုအကောင်းဆုံး အခြေအနေမှာ ရှိမနေသေးပေမယ့် ဒီပွဲစဉ်ကတော့ ယူနိုက်တက်အနေနဲ့ သူတို့ကြုံတွေ့နေရတဲ့အခြေအနေတွေကို ပြောင်းပြန်လှန်ပစ်ဖို့ အပြည့်စုံဆုံးပွဲစဉ်တစ်ခု ဖြစ်လာနိုင်ပါတယ်”လို့ ဗန်ဒိုက်က ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ချန်ပီယံမန်စီးတီးရဲ့နောက်မှာ တစ်မှတ်အကွာနဲ့ ရာသီသိမ်းခဲ့ရတဲ့ လီဗာပူးက ၂၀၂၂-၂၀၂၃ ပရီးမီးယားလိဂ်ဘောလုံးရာသီသစ်ကို ဖူလ်ဟမ်၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ သရေကစားပြီး ဖွင့်လှစ်ထားရတာပါ။ ယာဂန်ကလော့ပ်ရဲ့လီဗာပူးအသင်းက ယူနိုက်တက်ကို ငါးဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်အပါအဝင် အိုးထရက်ဖို့ဒ်မှာ နောက်ဆုံး ၂ပွဲဆက် အနိုင်ရရှိထားပြီး အိုးထရက်ဖို့ဒ်ကွင်း ပရီးမီးယားလိဂ် ၃ပွဲဆက်နိုင်ပွဲကို ပထမဆုံးအကြိမ် ဖော်ဆောင်နိုင်ဖို့ စိတ်အားထက်သန်နေဖွယ် ရှိပါတယ်။

ဗန်ဒိုက်က “ အခုသီတင်းပတ် အသင်းလေ့ကျင့်ရေးအစီအစဉ်တွေမှာတော့ ကောင်းမွန်တဲ့စိတ်ဓါတ်ပိုင်းနဲ့ တိုက်ပွဲဝင်လိုမှုတွေကို ပြသနိုင်ခဲ့ပါတယ်။ အင်္ဂါနေ့မနက်ပိုင်းပွဲစဉ်မှာတော့ ဒီလိုကောင်းမွန်တဲ့ အရာတွေကို ယူဆောင်လာဖို့ လိုအပ်ပါတယ်” လို့ ဆက်ပြောခဲ့ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ကလော့ပ် #ဗန်ဒိုက် #ပရီးမီးယားလိဂ်