ရှေ့သို့
Image

ဆကာမက်ကာရဲ့ ဂိုးတွေ ထပ်လာမယ်လို့ ပြောလိုက်တဲ့ ဝက်စ်ဟမ်း လက်ထောက် နည်းပြ

1:39 PM, 19 August

ဝက်စ်ဟမ်း အသင်း တိုက်စစ်မှူးသစ် ဂျီအန်လူကာဆကာမက်ကာ တစ်ယောက် ဒိန်းမတ်ကလပ် Viborg ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ဥရောပ ခြေစစ်ပွဲမှာ ဝက်စ်ဟမ်း အတွက် ဂိုးသွင်းယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အီတလီ တိုက်စစ်မှူး ဆကာမက်ကာဟာ ဒီနွေရာသီကမှ ဆက်ဆူအိုလိုကနေ နည်းပြ ဒေးဗစ်မိုယက်စ် ခေါ်ယူထားတာ ဖြစ်ပြီး ယူရိုပါကွန်းဖရက်စ်လိဂ် play-off ခြေစစ်ပွဲ ပထမပိုင်းမှာတင် ခေါင်းတိုက်ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 


ဒုတိယပိုင်းမှာတော့ ဂျာရော့ဘိုဝင်က ဒုတိယမြောက် ဂိုးကို သွင်းယူခဲ့ပြိး ဗီဘော့ အတွက် ချေပဂိုးကိုတော့ ဂျာကော့ဘွန်ဒီက ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့ပါတယ်။ နောက်တစ်ပတ်မှာ ဒုတိယ အကျော့ကို ဒိန်းမတ်မှာ ကစားရမှာ ဖြစ်ပေမယ့် မစ်ချယ်အန်တိုနီယိုရဲ့ ခြေစွမ်းနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ထိ တက်နိုင်ခဲ့တဲ့ ဝက်စ်ဟမ်း အတွက်တော့ ဥရောပ ပြိုင်ပွဲဝင်ခွင့် ရဖို့ အခြေအနေ ကောင်းမွန်လျက် ရှိပါတယ်။ 


နည်းပြ ချက်ဒေးဗစ်မိုယက်စ်က ပွဲပယ် ပြစ်ဒဏ် ကျခံနေရတာကြောင့် ဒီကလန်ရိုက်စ်၊ အာရွန်ခရက်စ်ဝဲလ်တို့နဲ့ အတူ ပွဲကြည့်စင်ပေါ်မှာသာ ရှိနေခဲ့ပြီး လက်ထောက် နည်းပြ ဘီလီမက်ကင်လေက ပွဲကိုကြီးကြပ်ခဲ့ပါတယ်။ မက်ကင်လေက “ ကျွန်တော် လည်ပင်းတွေပါ ပူလာတာပါ။ သူ(မိုရက်စ်) က အသင်းကို တည်ဆောက်ဖို့နဲ့ ဦးဆောင်ဖို့ ရှိနေရမှာဖြစ်တာကြောင့် သူ့ကို အသင်းနဲ့ အဝေးမှာ မြင်နေရတာ နည်းနည်း ထူးဆန်းပါတယ်။

 

ဒီနေ့ ပွဲ ခြေစွမ်းကို နည်းနည်းတော့ အားမရဘူး၊ လူငယ်တွေ၊ ကစားသမားသစ်တွေနဲ့ စီနီယာ တချို့ ရောထားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဂျီအန်လူကာကတော့ တော်တော်လေး ကျေနပ်စရာ ကောင်းခဲ့ပါတယ်။ တိုက်စစ်မှူးတွေကို ဂိုးတွေနဲ့ပဲ အကဲခတ်တာပါ။ ဂိုးသွင်း နိုင်လေလေ နာမည်လည်း ပိုကြီးလာလေလေပဲ။ သူ့ဆီကဂိုးတွေ ထပ်လာဦးမှာပါ။


မစ်ချယ်ရဲ့ ဂိုးကလည်း အရမ်း အရေးကြီးပါတယ်။ ၂-၀ ဖြစ်နေတဲ့ အချိန်ကတည်းက ပွဲကို အပြတ်ဖြတ်ဖို့ အခွင့်အရေး ရခဲ့ပါတယ်။ ဗီဘော့နဲ့ပွဲကို ကျွန်တော်တို့ အာရုံစိုက်ပြီးကစားခဲ့တာပါ၊ လွယ်ကူတဲ့ ပြိုင်ဘက်လို့ လုံးဝတွေးမထားပါဘူး။ အဝေးဂိုးတစ်ဂိုး ပေးလိုက်ရတာကို မကြိုက်ပေမယ့် မစ်ချယ်ရဲ့ဂိုးက ကျွန်တော်တို့ကို ပိုပြီး တည်ငြိမ် သွားစေတယ်။ လက်ခံနိုင်တဲ့ ရလဒ်မျိုးပါပဲ၊ ဒုတိယ အကျော့ကို ယုံကြည်မှု အပြည့်နဲ့ သွားနိုင်ပြီလို့ ထင်ပါတယ် ” ဆိုပြီး ပြောသွားခဲ့ပါတယ်။ 

#ဝက်စ်ဟမ်း #မိုယက်စ် #ဆကာမက်ကာ #ပရီးမီးယားလိဂ်