ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ လီဗာပူး အသင်းအား တိုက်တွန်းလိုက်တဲ့ ဂျင်မီရက်နက်
9:44 AM, 19 August
လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဖြစ်တဲ့ ဂျင်မီရက်နက်ဟာ နည်းပြ ယာဂင်ကလော့အနေနဲ့ ဒေါ့မွန် ကစားသမား ဂျုဒ် ဘယ်လင်ဂမ်ကို ခေါ်ယူနိုင်ဖို့ နည်းလမ်းရှာသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။
လီဗာပူးအသင်းမှာ ကွင်းလယ်ကစားသမားတွေ ဖြစ်ကြတဲ့ သီယာဂို အယ်ကန်တရာ၊ ကာတစ်ဂျုန်း ၊ ချိန်ဘာလိန်တို့ဟာ ဒဏ်ရာကြောင့် နားနေရပါတယ်။ လီဗာပူးရဲ့ ပရီးမီးယားလိဂ် ရာသီအစ ပွဲစဉ် နှစ်ပွဲဖြစ်တဲ့ ဖူဟမ်အသင်းနဲ့ ခရစ်စ္စတယ်ပဲလေ့အသင်းတို့နဲ့ပွဲတွေကို လီဗာပူးအသင်းက သရေရလဒ်သာ ထွက်ပေါ်အောင် ကစားထားနိုင်ခဲ့ပြီး ကွင်းလယ်က ဖာဘင်ဟိုနဲ့ ဂျော်ဒန်ဟန်ဒါဆင်တို့ဟာလည်း ခြေစွမ်းကောင်းပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။
လီဗာပူးအသင်းနဲ့ အတူ ၁၉၉၅ ခုနှစ်က လိဂ်ဖလားရယူနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင်ဟောင်း ရက်နက်ကတော့ အသင်းအနေနဲ့ ပြိုင်ဘက်တွေထက် နောက်ကောက်မကျရလေအောင် ကွင်းလယ်အတွက် ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ နည်းလမ်းရှာသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။ သူက Talk sport မှာ လီဗာပူးအနေနဲ့ ဒေါ့မွန်ကစားသမားကို ခေါ်ယူနိုင်ဖို့ ကြိုးစားသင့်တယ်လို့ ဆိုပါတယ်။
"သူတို့ကတော့ အပြောင်းအရွေ့မှာ ကစားသမား မခေါ်ယူတော့ဘူးလို့ ပြောထားပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ သူတို့အနေနဲ့ ဘာလင်ဟမ်ကိုရအောင် ခေါ်ယူသင့်ပါတယ်။ သူ့ကို ခေါ်ယူတာ အကောင်းဆုံး ခေါ်ယူမှု ဖြစ်မှာပါ။ သူ့ကို ကြည့်ရှုစောင့်ရှောက်တဲ့ သူက ဘယ်သူပဲ ဖြစ်ဖြစ် သူ့မှာ တကယ်ကောင်းမွန်တဲ့ မိသားစုရှိတယ်ဆိုတာ သေချာပါတယ်။ သူကလည်း ဒေါ့မွန်မှာ အကောင်းဆုံးပုံစံရှိနေတာကြောင့် သူ့မိသားစုကလည်းသူ့ကို ဂျာမနီမှာ နောက်တစ်ရာသီ ဆက်ရှိစေချင်တာကိုနားလည်နိုင်ပါတယ်" "သူ့အနေနဲ့ လီဗာပူးကို အချိန်မီရောက်ရှိလာဖို့က ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တခါတလေကျ ဖြစ်ကို ဖြစ်ရမယ့် အခြေအနေကလိုအပ်သေးတယ်။ သီယာဂိုက ခြေသလုံးကြွက်သား ဒဏ်ရာရနေပါတယ်။ ဂျိန်းမီလ်နာနဲ့ ဟန်ဒါဆင်တို့က ငယ်ရွယ်တော့တဲ့ လူတွေ မဟုတ်ပါဘူး။ တခါတလေ လိုချင်တဲ့ ကစားသမားကို အရမ်းနောက်မကျခင် ဈေးကွက်ထဲမှာခေါ်ဖို့လိုပါတယ်။ "လို့ ရက်နက်က ဆိုပါတယ်။
လီဗာပူးအသင်းဟာ ဒဏ်ရာရ ကစားသမားတွေ များပြားနေတာကြောင့် ကွင်းလယ် အတွက် ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေအရ သိရပါတယ်။ သို့သော်လည်း အပြောင်းအရွေ့အတွက်က အဲ့ဒိလောက် မရိုးရှင်းပါဘူး။ ဒေါ့မွန်အသင်းဟာ အသင်းရဲ့ တိုက်စစ် ကစားသမား ဟာလန်းကို ရောင်းချထားပါတယ်။ ဒါကြောင့် ဘယ်လင်ဂမ်ဟာ သူတို့အနေနဲ့ ဘိုင်ယန်မြူးနစ်ကို စိန်ခေါ်နိုင်ဖို့ အားကိုးရမယ့် ကစားသမားလည်း ဖြစ်နေပါတယ်။
Athletic အဆိုအရ ဒေါ့မွန်အသင်းဟာ ကစားသမားကို ရောင်းချမှာ မဟုတ်ပဲ ရောင်းချလျှင်လည်း ပေါင် သန်း ၈၀ ထက်လျော့နည်းတဲ့ ဈေးနဲ့ ရောင်းမှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။