ရှေ့သို့
Image

ချဲလ်ဆီးက ထွက်ခွာလာပြီးနောက် နည်းပြတူချယ်ရဲ့ နည်းစနစ်ပိုင်းတွေကို ဝေဖန်ခဲ့တဲ့ တီမိုဝါနာ

11:35 AM, 18 August

အခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ချဲလ်ဆီးမှ လိုက်ပ်ဇစ်ဆီ ပြန်လည်ပြောင်းရွှေ့ခဲ့တဲ့ တီမိုဝါနာက ချဲလ်ဆီးကစားသမားဘဝနောက်ဆုံးအချိန်တွေမှာ ဘောလုံးကစားခြင်းရဲ့ပျော်ရွှင်မှုတွေ ပျောက်ဆုံးခဲ့ပြီး နည်းပြတူချယ်ရဲ့နည်းစနစ်ပိုင်းကလည်း သူ့ကို အသင်းကနေထွက်ခွာဖို့ တစိတ်တပိုင်းတွန်းအားပေးခဲ့တယ်လို့ ထုတ်ပြောလိုက်ပါတယ်။

အနောက်လန်ဒန်ကလပ်မှာ နှစ်နှစ်တာကစားခဲ့ပြီးနောက် အခုလအစောပိုင်းမှာပဲ ဂျာမန်သားတိုက်စစ်မှူးက အသင်းဟောင်း လိုက်ပ်ဇစ်ဆီ ပြန်လည်ပြောင်းရွှေ့သွားတာပါ။ အဲ့ဒီနှစ်နှစ်တာကာလအတွင်း တီမိုဝါနာက ချဲလ်ဆီးအတွက် ၈၉ ပွဲကစား၊ ၂၃ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် စတမ်းဖို့ဘရစ်ချ်ကလပ်အတွက် ဒုတိယမြောက်ဘောလုံးရာသီမှာ တီမိုဝါနာက ယုံကြည်မှု ပျောက်ဆုံးနေခဲ့ပုံရပြီး နည်းပြတူချယ်ရဲ့အသင်း အတွက် ပင်တိုင်ပွဲထွက်ခွင့်ပါ ပျောက်ဆုံးခဲ့ပါတယ်။

ချဲလ်ဆီးက မန်စီးတီးတိုက်စစ်မှူးစတာလင်ကို ခေါ်ယူလိုက်ချိန်မှာတော့ တီမိုဝါနာက သူ့အတွက် အနောက်လန်ဒန်ကလပ်မှာ အချိန်ကုန်ဆုံးသွားပြီဆိုတာ အသေအချာသိမြင်ခဲ့ပြီး လိုက်ပ်ဇစ်ဆီပြန်ဖို့ ရွေးချယ်ခဲ့ပါတယ်။

“ကျွန်တော့်အတွက်တော့ ဘောလုံးကစားရာမှာ ပျော်ရွှင်မှုရှိဖို့က အဓိကပါပဲ။ အမှန်ပါပဲ၊ ကျွန်တော် ချဲလ်ဆီးမှာ ကြီးမားတဲ့အောင်မြင်မှုကြီးတွေ ရရှိခဲ့ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ ပျော်ရွှင်မှုတွေ တော်တော်လေးကို ပျောက်ဆုံးခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ပုံမှန်ပွဲကစားခွင့်မရခဲ့လို့ပါ။ နည်းပြတူချယ်ရဲ့ နည်းစနစ်ပိုင်း၊ ကစားပုံတွေက ကျွန်တော်နဲ့လုံးဝအံမဝင်ဘူးလို့ ယူဆမိပါတယ်။ ဒါကပဲ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်တွေကို ပြတ်ပြတ်သားသားဖြစ်လာစေခဲ့ပြီး ကျွန်တော်ဟာ နောက်ထပ်ခြေလှမ်းသစ်တစ်ခု စတင်ဖို့ လိုလားခဲ့ပါတယ်။ ကျွန်တော်က ကစားနိုင်သလောက်ကို ကစားလို့ရတဲ့ အသက်အရွယ်အပိုင်းအခြားမှာ ရောက်ရှိနေတာပါ။ ကျွန်တော့်ကစားသမားဘ၀ အကြီးကျယ်ဆုံးအောင်မြင်မှုတွေကို ချဲလ်ဆီးနဲ့အတူ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီလိုကိစ္စတွေကြောင့်ပဲ ကျွန်တော့်အတွက် ချဲလ်ဆီးက အထူးစပါယ်ရှယ်ကလပ်အသင်း တစ်ခုအဖြစ် အမြဲတမ်းရှိနေတော့မှာပါ။ အသင်းက ထွက်ခွာခဲ့တယ်ဆိုပေမယ့် ချဲလ်ဆီးကစားသမားတွေနဲ့လည်း အမြဲတမ်းဆက်သွယ်နေမှာပါ” လို့ တီမိုဝါနာက ပြောဆိုခဲ့ပါတယ်။

တီမိုဝါနာထွက်ခွာသွားပြီးနောက်ပိုင်း ချဲလ်ဆီးက တိုက်စစ်ပိုင်းကို အားဖြည့်ဖို့  ပြင်ဆင်လာပါတယ်။ လက်ရှိအချိန်မှာတော့ အနောက်လန်ဒန်ကလပ်က ဘာစီလိုနာတိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး ကတ္တလန်ကလပ်ကတော့ သူတို့ရဲ့ တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၃ သန်းဝန်းကျင် အလိုရှိနေပါတယ်။

#တီမို၀ါနာ #ချဲလ်ဆီး #တူချယ် #ပရီးမီးယားလိဂ်