ရှေ့သို့
Image

ဆရာဟောင်း ဖာဂူဆန်ရဲ့ ရှေ့မှာ နည်းပြအဖြစ် တာဝန်ယူခဲ့ရလို့ ဂုဏ်ယူနေတဲ့ နစ္စတယ်ရွိုင်း

11:32 AM, 18 August

ပီအက်စ်ဗွီနည်းပြ ရုဒ်ဗန်နစ္စတယ်ရွိုင်းက ချန်ပီယံလိဂ်ခြေစစ်ပွဲ Play-off ပထမအကျော့ပွဲစဉ်မှာ ဆရာဟောင်းဖာဂူဆန်ရှေ့မှောက် နည်းပြ တစ်ဦးအဖြစ် တာဝန်ယူခဲ့ရတာကို ဂုဏ်ယူမိတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့၊ ရိန်းဂျားစ်ရဲ့ Ibrox ကွင်းကြီးမှာ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်ကို မန်ချက်စတာယူနိုက်တက် ဂန္တဝင်နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်က တက်ရောက်ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။ နယ်သာလန်လက်ရွေးစင် တိုက်စစ်မှူးဟောင်းက လက်ရှိရာသီစတင်ချိန်မှာပဲ ပီအက်စ်ဗွီစီနီယာ အသင်းနည်းပြ ရာထူးကို ဆက်ခံခွင့်ရရှိခဲ့တာပါ။ ရုဒ်ဗန်နစ္စတယ်ရွိုင်းက နည်းပြဖာဂူဆန်လက်အောက် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ ၂၁၉ ပွဲကစားပြီး ၁၅၀ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။

ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ဆာအဲလက်စ်ဖာဂူဆန်ကဲ့သို့ နည်းပြကောင်းတစ်ဦးဖြစ်လာဖို့ရှိ၊မရှိ မေးမြန်းခဲ့ချိန် နစ္စတယ်ရွိုင်းက “အိုး… ဘုရားသခင်။ မဖြစ်နိုင်ပါဘူးဗျာ။ တစ်ရာခိုင်နှုန်းလောက်ပဲ ဖြစ်နိုင်ပါတယ်။ တကယ့်ကို တစ်ရာခိုင်နှုန်းလောက်ပါ။ ကျွန်တော်နည်းပြနေတဲ့အသင်း၊ ကျွန်တော်ကောင်းကောင်းစီမံခန့်ခွဲနေတဲ့အသင်းကို ဖာဂူဆန်က စောင့်ကြည့်ခဲ့တယ်လို့ သိလိုက်ရတာ ကျွန်တော့်အတွက် တကယ်ကို ဂုဏ်ယူစရာ အခိုက်အတန့်ပါပဲ။ ကျွန်တော် သူ့ကို လူချင်းတွေ့ပြီး ခဏလောက် နှုတ်ဆက်ခဲ့ပါသေးတယ်။ သူက တော်တော်ကြည့်လို့ ကောင်းနေပါတယ်။ သူက အလုပ်တွေကို ကောင်းကောင်းလုပ်နေပြီးတော့ သူ့မိသားစုလည်း အတူတူပါပဲ။ ဒါကြောင့် သူနဲ့တွေ့ဆုံရတာ အလွန်ကောင်းပါတယ်။ Ibrox ကွင်းဘေးစည်းမှာ ဖာဂူဆန်က ကျွန်တော့်ကို စောင့်ကြည့်ခဲ့တယ်ဆိုတာက ကျွန်တော့်အတွက် တကယ်ကို ဂုဏ်ယူစရာအခိုက်အတန့်တစ်ခုပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အသက်-၄၆ နှစ်အရွယ်တိုက်စစ်မှူးက ယူနိုက်တက်ဂန္တဝင်နည်းပြကြီးဆီကနေ ဘာတွေသင်ယူခဲ့ရသလဲဆိုတာကို ဆက်ရှင်းပြခဲ့ပါတယ်။

“ကစားသမားတစ်ဦးအဖြစ်နဲ့ဆိုရင် မင်းအနေနဲ့ သူ့ဆီကနေ မယုံကြည်နိုင်လောက်ကို အများကြီး သင်ယူရပါလိမ့်မယ်။ မင်းအနေနဲ့ နည်းပြတစ်ဦးအဖြစ် စအလုပ်လုပ်တော့မယ်ဆိုရင်တော့ အဲ့ဒီအဖြစ်အပျက်တွေကို သိသိသာသာပဲ ပြန်အမှတ်ရနေပါလိမ့်မယ်။ ကျွန်တော်တွေ့ဆုံခဲ့ရတဲ့ နည်းပြတွေက ဘယ်နေရာမှာလဲ?၊ သူတို့ရဲ့ အလုပ်လုပ်ပုံတွေနဲ့ သူတို့ရဲ့ အသင်းကို ဘယ်လိုဖွဲ့စည်းသလဲ? ပြီးတော့ အသင်းကစားပုံနဲ့ တစ်ဦးချင်းစီမံခန့်ခွဲပုံတွေမှာ ဖာဂူဆန်က စံနမူနာပြပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်” လို့ နစ္စတယ်ရွိုင်းက ဆက်ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖာဂူဆန် #ပီအက်စ်ဗွီ #နစ္စတယ်ရွိုင်း #ပရီးမီးယားလိဂ်