ရှေ့သို့
Image

ဘရာဇီးလ် vs အာဂျင်တီးနား ကမ္ဘာ့ဖလားခြေစစ်ပွဲကို ဖျက်သိမ်းဖို့ ခွင့်ပြုလိုက်တဲ့ ဖီဖာ

1:39 PM, 17 August

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ဘရာဇီးလ်နဲ့ အာဂျင်တီးနားတို့ ယှဉ်ပြိုင်ကစားရမယ့် ၂၀၂၂ ခုနှစ်ကမ္ဘာ့ဖလား၊ တောင်အမေရိကဇုန်ခြေစစ်ပွဲစဉ်ကို ဖျက်သိမ်းခွင့်ပြုလိုက်ပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း ကစားခဲ့တဲ့ ဘရာဇီးလ် vs အာဂျင်တီးနား ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ  ပွဲချိန်စတင်လို့ မကြာမီမှာပဲ ဘရာဇီးလ်ကျန်းမာရေးအာဏာပိုင်တွေက အာဂျင်တီးနားကစားသမား ၄ ဦးအနေနဲ့ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များ လိုက်နာမှုမရှိဟုဆိုကာ ကွင်းတွင်းဝင်ရောက်လာပြီး ဆွဲထုတ်ခေါ်ယူခဲ့တာကြောင့် ပွဲကို ရပ်ဆိုင်းခဲ့ရတာပါ။

ဖီဖာကတော့ ဒီပွဲစဉ်ကို လာမယ့်လအတွင်း ပြန်ကစားဖို့ ပွဲစဉ်ဇယားရေးဆွဲခဲ့ပေမယ့် ဒီပွဲစဉ်က ပြိုင်ဘက် နှစ်သင်းလုံးအတွက် အဓိပ္ပါယ်ပြည့်ဝနေဖို့တော့ မရှိပါဘူး။ အာဂျင်တီးနားနဲ့ ဘရာဇီးလ်အသင်းတို့က အခုနှစ်ကုန်ပိုင်းမှာကျင်းပမယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် ခြေစစ်ပွဲအောင်မြင်ပြီးဖြစ်နေလို့ပါ။ အာဂျင်တီနား ဘောလုံးအဖွဲ့ချုပ်နဲ့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်တို့က ဖီဖာရဲ့အစီအစဉ်အပေါ် ကန့်ကွက်ခဲ့ကြပြီးနောက် အားကစားဆိုင်ရာခုံသမာဓိရုံး(CAS)က ဒီကိစ္စအပေါ် ကိုင်တွယ်ခဲ့ရပြီး သုံးဦးသုံးဖလှယ်သဘောတူညီကြတဲ့ အစီအစဉ်တစ်ခုကို လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြ ထိထီနဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းနည်းပြ စကာလိုနီတို့ကလည်း ဒီပွဲစဉ်ကို ကစားဖို့အတွက် ကစားသမားဒဏ်ရာရရှိနိုင်မှုနဲ့ ပွဲပယ်ပြစ်ဒဏ်ခံရနိုင်မှုအလားအလာတွေ မြင့်မားနေတယ်လို့လည်း ထုတ်ပြောခဲ့ကြပါတယ်။ ဒီပွဲစဉ်ဖျက်သိမ်းရန်သဘောတူညီမှုအရ တောင်အမေရိကကိုယ်စားပြုလက်ရွေးစင် အသင်းနှစ်သင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရောပကိုယ်စားပြု အသင်းတွေ စိုမိုးနေမှုကို အဆုံးသတ်နိုင်ဖို့အတွက် ပြင်ဆင်မှုတွေလုပ်ဆောင်နိုင်ရန် ပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲတွေကို လွတ်လွတ်လပ်လပ်စီစဉ်ခွင့် ရရှိခဲ့ပါတယ်။

၂၀၂၂ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု(C) မှာ အာဂျင်တီးနားက မက္ကဆီကို၊ ပိုလန်၊ ဆော်ဒီတို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အုပ်စု (G)မှာတော့ ဘရာဇီးလ်က ဆာဘီးယား၊ ဆွစ်ဇာလန်၊ ကင်မရွန်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

#ဖီဖာ #ဘရာဇီး #အာဂျင်တီးနား #ကမ္ဘာ့ဖလားခြေစစ်ပွဲ