ရှေ့သို့
Image

ဘာမင်ဂမ်ကို အငှားနဲ့ ပြောင်းရွှေ့ဖို့နီးစပ်နေတဲ့ ယူနိုက်တက်လူငယ်ကြယ်ပွင့် မက်ဂျ်ဘရီ

4:37 PM, 16 August

မန်ချက်စတာယူနိုက်တက်အသင်းကတော့ ရာသီသစ်ကို အဆိုးရွားဆုံးပုံစံနဲ့ စတင်လျက်ရှိပြီး အဖွင့်ပွဲစဉ် ၂ ပွဲစလုံးကို ရှုံးနိမ့်ပြီး ပေးဂိုးကလည်း ၆ ဂိုးထိရှိထားပါတယ်။ နည်းပြအဲရစ်တန်ဟတ်အတွက်တော့ အဖြေတစ်ခုကို အမြန်ဆုံးရှာဖွေဖို့ လိုအပ်လာခဲ့ပြီး စိတ်ကြိုက်ကစားသမားသစ်တွေ မရခင်ထိ အကယ်ဒမီထွက်လူငယ်တွေကိုပဲ တန်ဟတ်အနေနဲ့ အသုံးရဖွယ်ရှိပါတယ်။

တန်ဟတ်က အေဂျက်စ်မှာကတည်းက အကယ်ဒမီထွက် လူငယ်တွေကို မွေးထုတ်ရာမှာ ထူးချွန်တဲ့နည်းပြအဖြစ် ကျော်ကြားသူဖြစ်ပေမယ့် နယ်သာလန်ထက် အများကြီးပိုအဆင့်မြင့်တဲ့ ပရီးမီးယားလိဂ်မှာတော့ ဒီလိုအစီအစဉ်မျိုးကို အသုံးပြုပါ့မလားဆိုတာ မသေချာပါဘူး။ လက်ရှိအသင်းမှာ ညာနောက်ခံအစွန်လူနေရာအတွက် ကစားသမားလိုအပ်နေချိန်မှာတောင် အီသန်လဲဒ်ကို ချန်ပီယံရှစ်ကလပ် ကျူပီအာထံ အငှားချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အခုလည်း နောက်ထပ်လူငယ် ကွင်းလယ်ကစားသမား တစ်ယောက်ဖြစ်တဲ့ ဟန်နီဘယ်မက်ဂျ်ဘရီကို ဘာမင်ဂမ်စီးတီးထံ အငှားချဖို့ပြင်ဆင်လျက်ရှိပါတယ်။ မန်ချက်စတာညနေခင်းသတင်းရဲ့ အဆိုအရလည်း တူနီးရှားလက်ရွေးစင်လေးကို ချန်ပီယံရှစ်ကလပ်အသင်း အတော်များများက ခေါ်ယူချင်နေပေမယ့် ဘာမင်ဂမ်ကတော့ ခေါ်ယူနိုင်ဖို့ အခွင့်အရေး အများဆုံးဖြစ်နေပါတယ်။

မီလ်ဝေါနဲ့ မစ်ဒယ်ဘရော့တို့ကလည်း ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့သလို ဝက်စ်ဘရွန်းကလည်း စောင့်ကြည့်လျက်ရှိပါတယ်။ ဘန်လေကလည်း ၁၉ နှစ်သားလေးကို ချိတ်ဆက်ခဲ့ပါသေးတယ်။ ဘာမင်ဂမ်ကတော့ ပြီးခဲ့တဲ့ရာသီက တာဟစ်ချောင်နဲ့ တီဒန်မန်ဂီတို့ကို အငှားနဲ့ခေါ်ယူခဲ့ဖူးတာကြောင့် ယူနိုက်တက်နဲ့ ဆက်ဆံရေးကောင်းပြီးသားလည်း ဖြစ်ပါတယ်။

မက်ဂျ်ဘရီက ယူနိုက်တက်အကယ်ဒမီရဲ့ နောက်ထပ်နာမည်ကျော် ကြယ်ပွင့်တစ်ပွင့် ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းခံထားရသူလည်း ဖြစ်ပါတယ်။ ရာသီကြိုပွဲစဉ်တွေမှာလည်း ၃ ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့ပြီး တိုက်စစ်အားသန် ကွင်းလယ်လူတစ်ဦးဖြစ်ပါတယ်။ အသင်းမှာနေရာတစ်ခု ရလိုပေမယ့်လည်း အတွေ့အကြုံနုသေးသလို ယူနိုက်တက်ရဲ့ နံပါတ် ၁၀ နေရာမှာ စီနီယာကစားသမားအများအပြား ရှိနေတာကြောင့် မက်ဂျ်ဘရီအနေနဲ့ သူ့ရဲ့စိတ်ကြိုက် နံပါတ် ၁၀ နေရာမှာ ကစားခွင့်ရဖို့ အငှားထွက်ကစားဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ဘာမင်ဂမ်