ရှေ့သို့
Image

ဒဏ်ရာကြောင့် သီတင်း နှစ်ပတ်လောက် အနားယူရဖို့ရှိနေတဲ့ လီဗာပူးနောက်ခံလူ မာတစ်

11:08 AM, 16 August

ပရီးမီးယားလိဂ်ပွဲစဉ်(၂)အဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျတဲ့ ပွဲစဉ်မတိုင်ခင်ကတည်းက လီဗာပူးအသင်းလူစာရင်းမှာ ဒဏ်ရာပြဿနာတွေ စိုးမိုးနေခဲ့တာပါ။ ဒီယေဂိုဂျိုတာ၊ ဂျုံးစ်နဲ့ ကိုနာတေးတို့က ဖူလ်ဟမ်နဲ့ ရင်ဆိုင်ရတဲ့ အခုရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မတိုင်ခင် ကတည်းက ဒဏ်ရာကြောင့် အသင်းလူစာရင်းကနေ အနားယူထားရတာပါ။

ဖူလ်ဟမ်နဲ့ပွဲစဉ်မှာလည်း အသင်းစီနီယာ ကစားသမားတွေဖြစ်တဲ့ သီယာဂိုနဲ့ မာတစ်တို့ ဒဏ်ရာရရှိခဲ့ပြီး သီယာဂိုဆိုရင် အဲ့ဒီပွဲစဉ်မှာရရှိခဲ့တဲ့ ဒဏ်ရာပြဿနာကြောင့်  တစ်လခွဲလောက် အနားယူသွားရဖို့ ရှိနေပါတယ်။ ဒီနေ့မနက်ပိုင်း၊ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်အပြီးမှာတော့ ယာဂန်ကလော့ပ်က လီဗာပူး အသင်း လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေအသေးစိတ်ကို ရှင်းရှင်းလင်းလင်းပြောဆိုလိုက်ပြီး စီနီယာကစားသမားမာတစ်ရဲ့ အသင်းနဲ့ပြန်လည် ပူးပေါင်းနိုင်မယ့်အလားအလားကိုလည်း ဖွင့်ဟခဲ့ပါတယ်။

“မာတစ်က သီတင်းပတ် နှစ်ပတ်လောက် အနားယူရဖို့ ရှိပါတယ်။ ဒီအခြေအနေနဲ့အတူ ကျွန်တော်တို့ ဆက်စောင့်ကြည့်သွားရပါလိမ့်မယ်”လို့ ကလော့ပ်က ပြောဆိုခဲ့တာပါ။

ဒါ့အပြင် ကလော့ပ်က လတ်တလောကာလကို လီဗာပူးကစားသမားတွေအနေနဲ့ အသင်းအတွက် ပွဲစဉ်တစ်ခုထက်ပိုမကစားနိုင်တာတွေ၊ အသင်းလူစာရင်းကနေ ထွက်ခွာခဲ့ရတာတွေ ပေါ်ပေါက်ခဲ့တဲ့ မမေ့နိုင်စရာသီတင်းပတ်တစ်ခုလို့ ခိုင်းနှိုင်းပြောဆိုခဲ့ပါတယ်။

“ဒီသီတင်းပတ်ကတော့ လုံးဝကို ရူးချင်စရာပါ။ ကျွန်တော့်မှာ အတွေ့အကြုံများစွာ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုကတော့ လေ့ကျင့်ရေးကွင်းမှာ ကျိန်စာသင့်နေသလိုပါပဲ။ ရိုးရိုးရှင်းရှင်းပြောရရင် ရူးလောက်စရာအကြောင်းပြချက်တွေ အတွက် နေ့တိုင်းနေ့တိုင်း ကစားသမားအချို့က အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်ကနေ ထွက်ခွာသွားခဲ့ရပါတယ်။ အဲ့ဒါက အခုဖြစ်နေတဲ့အခြေအနေပဲ။ ဒါကြောင့် အေးအေးဆေးဆေးဖြစ်မနေခဲ့ဘူး။ ပဲလေ့စ်နဲ့ပွဲစဉ်မှာ အသင်းကစားပုံကို ကျွန်တော် တကယ်ကိုကြိုက်ပါတယ်။ ဒီပွဲကို အမှန်တကယ်ကို ကြိုက်တာပါ။ အသင်းက တိုက်ခိုက်လိုစိတ်အပြည့်နဲ့ ကစားခဲ့တာကို  ကျွန်တော် မြင်တွေ့ခဲ့တာပါ။ ကျွန်တော်တို့ တကယ်ကို ကောင်းမွန်စွာနဲ့ ကစားခဲ့တာပါ။ ဒါကြောင့် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ဒီပွဲစဉ်မှာ ပြသခဲ့ပြီး ဒါကို ကျွန်တော်ကြိုက်ပါတယ်။ ရလဒ်ကတော့ သရေကျခဲ့တာပေါ့။ ဆက်သွားကြရအောင်”လို့ ယာဂန်ကလော့ပ်က ဆက်ပြောခဲ့ပါတယ်။

ပဲလေ့စ်နဲ့သရေကျခဲ့တဲ့ပွဲစဉ်အပြီး သတင်းကောင်းတစ်ခုကတော့ ဂိုးမက်ဇ်နဲ့ ဟန်ဒါဆန်တို့လို စီနီယာကစားသမားတွေ အသင်းအတွက် ဒုတိယပိုင်းပွဲချိန်မှာ လူစားဝင်ကစားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်ရက်သတ္တပတ်အတွင်း ပရီးမီးယားလိဂ်အမှတ်ပေးဇယားအောက်ခြေက မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်အတွက် ဒီကစားသမားတွေ ပြန်ပါဝင်လာဖို့ မျှော်လင့်ချက်ရှိလာခဲ့ပါပြီ။

#လီဗာပူး #ခရစ္စတယ်ပဲလေ့စ် #မာတစ်