ရှေ့သို့
Image

ကာမာဗင်ဂါနဲ့ ချူအာမန်နီဆီကနေ ဒီထက်ပိုကောင်းတဲ့ခြေစွမ်းမျိုးတွေ မြင်တွေ့ချင်နေတဲ့ အန်ဆယ်လော့တီ

3:38 PM, 15 August

အယ်လ်မီရီယာကို ၂-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်အတွင်း ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတဲ့ ကွင်းလယ်လူ ကာမာဗင်ဂါနဲ့ ချူအာမန်နီတို့ဆီကနေ ဒီထက်ပိုကောင်းတဲ့ ခြေစွမ်းမျိုးကို မြင်တွေ့ချင်တယ်လို့ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ပြောဆိုခဲ့ပါတယ်။

ဒီပွဲစဉ်မှာတော့ အခုနွေရာသီ၊ မိုနာကိုကနေ ပြောင်းရွှေ့ကြေးမြင့်မြင့်မားမားနဲ့ ရီးရဲလ်ဆီရောက်ရှိလာတဲ့ ချူအာမန်နီနဲ့အတူ ကာမာဗင်ဂါက ကွင်းလယ်ပိုင်းမှာ ဝါရင့်ကွင်းလယ်လူ တိုနီခရူးစ်နဲ့တွဲဖက်ပြီး ပွဲထွက်ပါဝင်ကစားခဲ့ပေမယ့် ချူအာမန်နီနဲ့ ကာမာဗင်ဂါတို့က ပွဲအပေါ်သက်ရောက်မှုပေးနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ အလားတူ ခံစစ်ပိုင်းအမှားအယွင်းတစ်ခုနဲ့အတူ အယ်မီရီယာကို ပွဲအစပိုင်းမှာပဲ ဦးဆောင်ဂိုးပေးခဲ့ရလို့ ရီးရဲလ်မက်ဒရစ်က ပွဲကို နောက်ကလိုက်ကစားခဲ့ရပါတယ်။

ပထမပိုင်းပွဲချိန်အပြီးမှာ ကာမာဗင်ဂါကို လူကာမိုဒရစ်နဲ့ လူစားလဲခဲ့သလို ပွဲကစားချိန် မိနစ်ခြောက်ဆယ် ဝန်းကျင်မှာတော့ ချူအာမန်နီကို အီဒင်ဟာဇက်နဲ့ လူစားလဲလှယ်ခဲ့ပါတယ်။ နည်းပြ အန်ဆယ်လော့တီကတော့ ဒီလိုဂုဏ်သိက္ခာကြီးမားလှတဲ့ကလပ်အသင်းအတွက် ကိုယ်စားပြုကစားခွင့်ရရှိတာက လူငယ်ကစားသမား နှစ်ဦးအပေါ် ဖိအားတွေ သက်ရောက်စေခဲ့တဲ့အကြောင်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။

“ကျွန်တော်အတွက်တော့ ရူဒီဂါက တကယ့်ကိုကောင်းမွန်တဲ့ ပွဲစဉ်တစ်ပွဲကစားခဲ့တာပဲ။ လူငယ်ကစားသမားတွေကတော့ သူတို့အမြဲတမ်းလေ့ကျင့်နေတဲ့အတိုင်း သူတို့ မကစားနိုင်ခဲ့ဘူး။ အသင်းလေ့ကျင့်ရေးမှာ သူတို့လုပ်ပြခဲ့တဲ့အရာတွေအတွက် သူတို့ ဒီပွဲကို ကစားခွင့်ရဖို့ ထိုက်တန်စေခဲ့ပါတယ်။ သူတို့က အမှားအယွင်းတစ်ခုတလေတောင် လုပ်ခဲ့တာမျိုးမရှိပါဘူး။ ဒါပေမယ့် သူတို့ခြေစွမ်းကို ဒီထက်ပိုကောင်းအောင် လုပ်နိုင်ရပါမယ်။ သူတို့က ငယ်ရွယ်လွန်းပါတယ်။ ဒီလိုပဲ ရီးရဲလ်မက်ဒရစ် ဂျာစီဝတ်ရတာကလည်း တာဝန်ကြီးမားလှပါတယ်။ ကျွန်တော် ကာမာဗင်ဂါကို လူစားလဲလိုက်တာပါ။ ဘာကြောင့်လဲဆိုတော့ သူက အဝါကတ်ပြသခံထားရပြီး ဒီလိုအခြေအနေက ဒုတိယပိုင်းမှာတင်ကစားရမယ့် အသင်းအတွက် အန္တရာယ်တစ်ခု ဖြစ်စေနိုင်လို့ပါ။ ကျွန်တော်တို့အသင်းက ခံစစ်ပိုင်းအမှားတစ်ခုနဲ့ ပွဲကို ရှုပ်ထွေးစေမယ်ဆိုရင် ခံစားရမယ်ဆိုတာ ပုံမှန်အခြေအနေပါပဲ။ ဒီနောက်ပိုင်းအချိန်တွေမှာတော့ ကျွန်တော်တို့ အနည်းငယ်ရုန်းကန်ခဲ့ရပါတယ်”လို့ အန်ဆယ်လော့တီက Movistar သတင်းဌာနကို ပြောပြခဲ့ပါတယ်။

#ချူအာမန်နီ #အန်ဆယ်လော့တီ #ကာမာဗင်ဂါ #အယ်လ်မီရီယာ